ပြည်သူများအတွက် မြန်မာ့မီးရထား

 

ပြည်သူများအတွက် မြန်မာ့မီးရထား

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ မတ် ၁၂  ရက်)

      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊  ဦးတည်ချက်(၉)ရပ်ချမှတ်ကာ  ဆောင်ရွက်လျက်ရှိသည်။    ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက်   ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်  ပြည်သူများကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။   အဖျက်သမားဆိုသည်မှာ အဖျက်လုပ်ရပ်များကိုသာ လုပ်ဆောင်နေသူများ ဖြစ်သည့်အတွက် အဖျက်သမား ကင်းစင်ပပျောက်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လုံခြုံချောမွေ့စေရေး၊ သက်သက်သာသာဖြင့်  အချိန်တိုအတွင်း သွားလာလွယ်ကူနိုင်ရေးကို အစဉ်ရှေးရှုကာ ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့်  ကုန်ဈေးနှုန်းများ ကျဆင်းရေးတွင်  သယ်ယူပို့ဆောင်ရေးကဏ္ဍသည်လည်း  အဓိကအဖြစ်ပါဝင်သည့်အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍကို အလေးထားလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရထားပို့ဆောင်ရေး ကဏ္ဍမှ ထိရောက်စွာ အထောက်အကူပြုနိုင်စေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မှတောင်ငူအထိ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)ကို ဂျပန်နိုင်ငံ၏ (ODA) ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည်။

ထို့ပြင်  တောင်ငူမှနေပြည်တော်- သာစည်-မန္တလေးလမ်းပိုင်းတွင်လည်း နိုင်ငံတော်မှ ခွင့်ပြုသည့် ဘဏ္ဍာငွေဖြင့် လမ်းပိုင်းပိုမိုကြံ့ခိုင် ကောင်းမွန်စေရေး၊ ခေတ်မီအချက်ပြစနစ်များ တပ်ဆင်အသုံးပြုရေးတို့ကိုစီမံ ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ရထားလမ်းနှင့် တံတားများကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာခြင်း၊ အချက်ပြစနစ်ပိုမို ခေတ်မီလာခြင်းများနှင့်အတူ ခေတ်မီစက်ခေါင်းနှင့် လူစီးတွဲများ အသုံးပြုလာနိုင်ပြီဖြစ်သည်။ ထိုသို့ အသုံးပြုလာနိုင်ခြင်းအားဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတစ်ခုလုံး၌ ရထားအမြန်နှုန်းများ တိုးမြှင့်ပြီး    ပြေးဆွဲချိန်ကို သိသိသာသာ လျှော့ချနိုင်ပြီဖြစ်သည်။ 

ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော် လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက် တပ်ဆင်ထားသည့် DEMU တွဲဆိုင်းသစ်ဖြင့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် အမြန်ရထားခရီးစဉ်သစ်ကို လည်းကောင်း၊  နေပြည်တော်-မန္တလေး လမ်းပိုင်း၌ ခေတ်မီလေအိတ်လူစီးတွဲများဖြင့်  အမှတ်(၂၇)အဆန်၊ အမှတ်(၂၈)အစုန် ရထားခရီးစဉ်သစ်ကို လည်းကောင်း ဖေဖော်ဝါရီလ၂၈ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်သည်။

အဆိုပါ ခေတ်မီလေအေးပေးစက်ပါ  DEMU ရထားများနှင့် လေအိတ်ရထားများကို နေပြည်တော် ဘူတာတွင် ရထားကူးပြောင်းလျက်  ရန်ကုန်-မန္တလေးတို့သို့  ခရီးစဉ်အစအဆုံး လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။ ယခင်က ရန်ကုန်မှမန္တလေးအထိ ပြေးဆွဲချိန် စုစုပေါင်း ၁၉ နာရီခန့်  ကြာမြင့်ခဲ့သည်။ ယခုအခါ လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ်သို့ အဆင့်မြှင့်တင် အသုံးပြုလာနိုင်ခြင်း၊ ခေတ်မီ စက်ခေါင်းနှင့် လူစီးတွဲဆိုင်းများ အသုံးပြုလာနိုင်ပြီဖြစ်ခြင်းတို့ကြောင့် ရထားအမြန်နှုန်း တိုးမြှင့်ပေးကာ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွင် ၅ နာရီမိနစ် ၃၀ နှင့် နေပြည်တော်-မန္တလေးခရီးစဉ်တွင် ၅ နာရီ၊ နေပြည်တော်၌   ရထားကူးပြောင်းချိန်မိနစ် ၃၀ စုစုပေါင်း ၁၁ နာရီခန့်ဖြင့် ပြေးဆွဲချိန်ကို သိသာစွာလျှော့ချ လျက် ရထားစီးခရီးသည်များ ပိုမိုစိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရ၏စေတနာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံဆောင်ရွက်မှု၊ မြန်မာ့မီးရထားဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်နေမှုတို့ အပေါ် ခရီးသွားပြည်သူများ အနေဖြင့် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်း    ရင်တွင်း စကားသံများကိုလည်း ပြည်သူများမြင်တွေ့ကြရပြီးဖြစ်သည်။

မြန်မာ့မီးရထားသည် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ယခုတိုးချဲ့ပြေးဆွဲပေးသည့် ရထားခရီးစဉ်များ အပြင် မူလပြေးဆွဲပေးနေသည့်   အမှတ်(၁၁)အဆန်၊ (၁၂)အစုန် အမြန်လူစီးရထား ခရီးစဉ်များကိုလည်း  ပြေးဆွဲချိန် ၁၃ နာရီ ၁၅ မိနစ် အချိန်စာရင်းအသစ်ဖြင့် ပြေးဆွဲလျက်ရှိပြီး မကြာမီတွင် ပြေးဆွဲချိန်ထပ်မံလျှော့ချနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် အများပြည်သူ သွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံ ဆောင်ရွက်ပေးလျက်ရှိသည်။   ပြည်သူများအနေဖြင့်    ခရီးစဉ်များအတွင်း ဂုဏ်သိက္ခာရှိစွာ လိုက်ပါစီးနင်းကြရန်ဖြစ်သည်။ ရထားတွဲများ အစဉ်အမြဲသန့်ရှင်းနေစေရေးကို ဝန်ထမ်းများက ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူများက ကူညီမှုပြုကြရမည်ဖြစ်သည်။ နိုင်ငံတော်ပိုင်ပစ္စည်း မှန်သမျှမှာ အများပြည်သူတို့ ပိုင်ဆိုင်သည့်ပစ္စည်းများဖြစ်သည်။  

မိမိတို့ပိုင်ဆိုင်သောပစ္စည်းကို ကာကွယ်စောင့်ရှောက်ရန်မှာ ပြည်သူအားလုံးတွင်လည်း တာဝန်ရှိသည်။  အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ရထားတံတား/သံလမ်းများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များကို  မီးရှို့ဖျက်ဆီးခြင်းများမှာ လွန်စွာအောက်တန်းကျလှသည့် လုပ်ရပ်များဖြစ်သည်။ နိုင်ငံတော်အစိုးရက အကောင်းမွန်ဆုံး ဖန်တီးပေးနေသည့် လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်ဖြစ်သကဲ့သို့ အဖျက်သမားတို့ရန်မှ ကာကွယ်နိုင်ရေးကိုလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် အတူ ပြည်သူများက ပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။