မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ

 

မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော်  မတ်  ၁၁

     (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် Gold Camp နှင့် Youth Camp တို့တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့်   မြားပစ်အားကစားသမားများ၏ လက်ရည်ဆန်းစစ် မြားပစ်ပြိုင်ပွဲကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိမြားပစ် လေ့ကျင့်ရေးကွင်း၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးသည်။

ယနေ့ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) Recurve တစ်ဦးချင်း ရှုံးထွက်ပွဲစဉ်တွင် ပြည့်စုံနှင်းက ပထမ၊ ကောင်းခန့်မော်က ဒုတိယနှင့် သီဟထက်ဇော်က တတိယ၊ Compound တစ်ဦးချင်း ရှုံးထွက်ပွဲစဉ်တွင် ဇင်သူရိန်မှူးက    ပထမ၊ အောင်ကိုဦးက ဒုတိယနှင့် စုစုလှိုင်က တတိယတို့ရရှိသည်။

ထို့နောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အတိုးတက်ဆုံး အားကစားသမားဆုရရှိခဲ့ကြသည့် ပြည့်စုံနှင်း(Gold Camp)နှင့် ချိုချိုဇင်(Youth Camp)၊ Recurve/Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက  ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက မြားပစ်အားကစားနည်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍    အားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း(Gold Camp)ရှိ အားကစားသမားများအား နေ့လယ်စာပြင်ဆင် ကျွေးမွေးနေမှုနှင့် စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်း Social Zone အတွင်းရှိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ပြသထားသည့် မြန်မာ့အားကစား လှုပ်ရှားမှုပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် အားကစားလှုပ်ရှားမှုပြခန်းနှင့် အာရှအားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားဟောင်းကြီးများ၏ ပုံတူရုပ်တုများပြခန်းကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြခန်းများရေရှည်တည်တံ့စေရေး၊ မှတ်တမ်း/မှတ်ရာများ  စနစ်တကျရှိစေရေးနှင့် ပျက်စီးမှုများ မရှိစေရေးအတွက် ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။