ဂုဏ်ယူဖွယ်ကောင်းသည့် တပေါင်းလမြတ် အချိန်အခါ
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ မတ် ၁၄ ရက်)
တပေါင်းလသည် မြန်မာနိုင်ငံ မြန်မာလူမျိုးများ အထွတ်အမြတ်ထားသည့် လတစ်လဖြစ်သည်။
အမျိုးဘာသာသာသနာ အတွက် ထင်ရှားစွာမှတ်တမ်း ပြုနိုင်သည့်လဖြစ်သည်။ သာသနာတော်အတွက် လွန်စွာကြည်နူးကြည်ညိုဖွယ် ကောင်းသည့်လဖြစ်သည်။ မြတ်စွာဘုရားရှင်အား ကပိလဝတ်ရွှေနန်းတော်သို့ ကြွရောက်၍ တရားဟောကြားသည့်လအဖြစ် ကြည်ညိုနိုင်သည်။ တပေါင်းလနှင့် ပတ်သက်၍ ဖိုးသူတော်ဦးမင်း၏ ဆယ့်နှစ်လရာသီဘွဲ့များတွင် “ပန်းရွှေဖီကြိုင်လှောက်လို့၊ ပိတောက်ကယ်တဲ့သင်းချို၊ ဥတ္တရာဘရဂုဏ်က၊ တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊ လမင်းသော်တာနှင့်၊ တူမကွာထိန်ဝါလဲ့၊ ထွန်းတဲ့ခါကို။ သောင်သဲငယ်မို၊ ရေညိုရစ်မို့။ လေညင်းငယ်လာ၊ စုံဟေမာမြိုင်ထဲက၊ ဝမ်းဘဲရွှေစင်ရော်တို့၊ ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊ မြူးကျော်ကြလို့”ဟူ၍ ဝန်းကျင်သဘာဝ၏ သာယာပုံကိုဖွဲ့ဆိုထားသည်။
တပေါင်းလသည် ရွက်ဟောင်းကြွေ၍ ရွက်သစ်များဝေဆာအောင်လှပနေသည့် အချိန်ကာလဖြစ်သည်။
ရှေးစာဆိုတို့သည် တပေါင်းလသာယာပုံကို အထူးတလည်ဖွဲ့ကြသည်။ ပရိတ်ကြီး ဆယ့်တစ်သုတ်တွင် ပါဝင်သည့် ရတနသုတ်တွင် နွေဦးအစတပေါင်းလ၌ အပင်တိုင်း ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် အသရေရှိလှဘိသကဲ့သို့ ဟူ၍ ဘုရားရှင်မိန့်ကြားခဲ့သော အနှိုင်းစကားက တပေါင်းလ၏ သာယာပုံကို အလေးအနက်ဖော်ညွှန်းလျက်ရှိသည်။ ထို့ပြင် တပေါင်းလသည် ရာသီဥတုကြည်လင်သည့် အတွက် ခမည်းတော်စံရာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာရန် ကာဠုဒါယီမထေရ်က ဘုရားရှင်ကို လျှောက်ထားသောဂါထာများတွင် နွေဦး၏ သာယာပုံများကို သရုပ်ဖော်ထားသည်။ ထိုဂါထာများကို မြန်မာမှုပြုကာ ပြန်လည်ရေးဖွဲ့ထားသော အင်းဝခေတ်စာဆို ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် တပေါင်းလ၏ သာယာပုံအဖွဲ့ကောင်းများစွာ ပါဝင်သည်။ ထို့ကြောင့်လည်း တပေါင်းလကို တပေါင်းသာခေါင် လများနောင်ဟု ဆိုကြခြင်းဖြစ်သည်။
တပေါင်းလပြည့်ကျော် ၁ ရက်မှ တန်ခူးလပြည့်အထိသည် နွေဥတုလေးလတွင် ပါဝင်သည်။ နွေရာသီတွင် မြန်မာတို့သည် အလှူအတန်းကို စိတ်လက်ချမ်းသာစွာ ပြုမူဆောင်ရွက်ကြသည်။ မိုးလေကင်းလွတ်သည့် လဖြစ်သည့်အတွက် စည်ဗြောသံတညံညံနှင့် သာသနာ့အောင်လံ လွှင့်ထူထားသည့် အလှူမင်္ဂလာမဏ္ဍပ်များကို နိုင်ငံအနှံ့အပြားတွင် မြင်တွေ့ရသည်။ ရှေးခေတ်ပုဂံပြည် ကဗျာတွင် ဆရာဇော်ဂျီက “စေတီနဲ့ တန်ဆောင်း၊ ဆည်ချောင်းနဲ့စပါးနှံ၊ ရွှေပေါက္ကံ ပြည်တစ်ကြောမှာ၊ ပေါချင်တိုင်း ပေါတဲ့ပြင်၊ ဝပြောတဲ့သာသနာ၊ ခေါင်းလောင်းသံ ညံမစဲရယ်နဲ့၊ ပုဂံပွဲသာလွန်းလို့ လာသူလာ သွားသူသွား၊ လယ်တွင်းသား၊ ပြည်တော်သား၊ အသည်သားမင်းမှုထမ်း၊ တစ်စိတ်ဝမ်းတစ်လက်ညီ၊ ပြည်ရေးကို ပြိုင်တူချီကြတော့၊ ပြည်တော်မြတ် ပဲ့တင်သံ၊ ဘဝဂ်က ပြန်ပါရော့”ဆိုသည့်အတိုင်း သာသနာထွန်းကားမှု ကြုံကြိုက်သည့် အခါကာလတွင် မြန်မာနိုင်ငံသည် သာယာလှပနေမည်သာ ဖြစ်သည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည့် အလျောက် ဘာသာရေးဆိုင်ရာ ပွဲတော်များ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများမှာလည်း ဆယ့်နှစ်လရာသီ ကာလပတ်လုံး ကျင်းပလျက်ရှိသည်။
ထိုသို့ကျင်းပသည့် လများတွင် တပေါင်းလသည် ဘုရားပွဲတော်အများဆုံး ကျင်းပသည့်လဖြစ်သည်။
ထို့အတူ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ သာသနာကို ချီးမြှင့်မြှောက်စားသည့် နိုင်ငံ့ခေါင်းဆောင်များ လက်ထက်တွင် သာသနာသည် စည်ပင်ဖြိုးသလို နိုင်ငံသည်လည်း သာယာဝပြောလျက်ရှိသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ စည်းလုံးညီညွတ်စွာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စတိုင်းတွင် အားလုံးသည် တက်ညီလက်ညီ ရှိနေမည်ဆိုပါက “ဤကမ္ဘာတွင် ပြည်မြန်မာရယ်လို့ ဝင်းခဲ့သတဲ့၊ သည်မင်း သည်ပြည်ထောင်ဖြင့်၊ မလေးမောင် ချစ်မငြီးနိုင်ဘု”ဆိုသကဲ့သို့ ကြည်နူးဖွယ်ဖြစ်နေပေလိမ့်မည်။ ယခုအချိန်ကာလမှာ အချိန်ကောင်း၊ အခါကောင်း၊ လတပေါင်းဟုဆိုရပေမည်။ နိုင်ငံတော်အကြီးအကဲ၏ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ပြည်ပခရီးစဉ်မှာ နိုင်ငံနှင့်ပြည်သူများ၏ အနာဂတ်အတွက် အထူးကောင်းကျိုးရှိမည့် ခရီးစဉ်ဖြစ်ပြီး ကောင်းကျိုးရလဒ်ကောင်းများကို ဆောင်ယူကာ ပြည်တော်ပြန်ခဲ့သည့် ခရီးစဉ်သည် ယခုတပေါင်းလတွင် စွမ်းဆောင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အောင်မြင်သော ခရီးစဉ်ဖြစ်သည့်အတွက် ပြည်သူများက လှိုက်လှဲဝမ်းသာစွာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။ သာယာလှပသည့်တပေါင်းလတွင် ကောင်းကျိုးဖြာဖြာ ဖြစ်ထွန်းစေသည်မှာ နိုင်ငံနှင့်ပြည်သူများအတွက် ဝမ်းသာပီတိ ဂွမ်းဆီထိပမာဖြစ်ရသည်။
မြန်မာနိုင်ငံ၏သမိုင်းကြောင်းအရ ကြည့်လျှင်လည်း တပေါင်းလသည် မြန်မာတို့၏ အရေးပါသော လတစ်လဖြစ်ကြောင်းတွေ့နိုင်သည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ထွန်းလာသည့် တပ်မတော်က ဖက်ဆစ်စနစ်ဆိုးကို တော်လှန်တိုက်ဖျက်ခဲ့သည့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲသည့် လမှာလည်း တပေါင်းလပင်ဖြစ်သည်။ တပ်မတော်နှင့်ပြည်သူ လက်တွဲကူ၍ ရန်သူများကို တိုက်ထုတ်အောင်မြင်ခဲ့သည့်လဖြစ်သည့် အတွက် တပေါင်းလဟု ဆိုလိုက်သည်နှင့် မြန်မာတို့အောင်ပွဲရခဲ့သော လအဖြစ်ဂုဏ်ယူနိုင်သည်။ တပ်မတော်နေ့အဖြစ် သမိုင်းမှတ်တိုင်ခိုင်ခိုင်မာမာ စိုက်ထူနိုင်သည့်လမှာလည်း တပေါင်းလပင်ဖြစ်သည်။ ထို့ကြောင့် တပေါင်းလသည် မြန်မာတို့အတွက် သာယာမှုအပေါင်း လွန်ခညောင်းသည့် လတပေါင်းအဖြစ် မှတ်တမ်းပြု ရေးသားလိုက်ရပေသည်။ ။