၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၅ မတ်လ ၁၄ ရက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယနေ့တွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမများ၌ ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက အမှာစကား အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များနှင့် အခြားလိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။