စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်း

 

စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်း

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ မတ် ၁၅  ရက်)

    လူတိုင်းတွင်   လူမှုဘဝရှင်သန်ရေးအတွက် အရေးသုံးပါးကိုဆောင်ရွက်နေကြရသည်။ ထိုအရေးသုံးပါးမှာ စားရေး၊ ဝတ်ရေး၊ နေရေးတို့ဖြစ်သည်။ လူတိုင်းအသက်ရှင်သန်ရန်မှာ စားရေးသည်  အဓိကအကျဆုံးဖြစ် သည်။ မြန်မာနိုင်ငံသည် ဆန်ကိုထမင်းအဖြစ် နေ့စဉ်စားသုံးနေသည့် နိုင်ငံဖြစ်သည့်အတွက် ဆန်ရရှိရေး လုပ်ငန်းသည် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးကို  အစဉ်အမြဲ တိုးတက်အောင် ကြိုးပမ်းနေကြရမည်ဖြစ်သည်။လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းကာ သီးနှံများအထွက်တိုးအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အတူ ထမင်းနှင့်အတူ တွဲဖက်စားသုံးရသည့် ဟင်းလျာအတွက်လည်း မွေးမြူရေးကို လုပ်ဆောင်ကြရသည်။

စိုက်ပျိုးရေးတွင်  စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းမှာ အရင်းအနှီးကြီးမားသည့် လုပ်ငန်းရပ် တစ်ခုဖြစ်သော်လည်း အကျိုးအမြတ်များပြီး တစ်ဦးချင်းစီနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို  ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီနယ်မြေ  ဇေယျာသီရိ မြို့နယ်တွင် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်း စီမံကိန်းနေရာသို ့ရောက်ရှိပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လမ်းညွှန်ပြောကြားရာတွင် ‘‘ယခုဖော်ထုတ်ပြီးစီးသည့် စက်မှုလယ်ယာ စနစ်ကျလယ်မြေကို စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုပြီး စိုက်ပျိုးမှု၊ ထွက်ရှိမှုတို့ကို စနစ်တကျမှတ်တမ်းတင် ထားရှိရန်လိုကြောင်း၊ စိုက်ဧကများ အားလုံး၌ မည်သည့်သီးနှံကို စိုက်ပျိုးသည်ဖြစ်စေ အပင်ရေပြည့်မီအောင် စိုက်ပျိုးသွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်  ကျေးလက်နေ လူဦးရေသည် ပိုမိုများပြားပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက ဆောင်ရွက်ကြသည်ဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

စက်မှုလယ်ယာမြေ ဖော်ထုတ်ခြင်း၏ အကျိုးကျေးဇူးများကို အများပြည်သူတို့အား  အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို အစကောင်းမှ အနှောင်းသေချာမည် ဆိုသကဲ့သို့ စတင်လုပ်ဆောင်သည့် လုပ်ငန်းမှန်သမျှကို    စနစ်ကျနစွာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမြေများကို စနစ်တကျဖြစ်စေရေး၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းနှင့် စက်ယန္တရားများ အသုံးပြု၍ စနစ်တကျ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမှာ ရေရှည်အကျိုးအတွက် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် အခြေခံအချက်များမှာ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ် ဖြစ်သည်။ နည်းလမ်းလေးသွယ်တွင် မြေကိုစနစ်တကျပြုပြင် ဆောင်ရွက်သကဲ့သို့ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေနှင့်အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရရှိစေရေး အတွက်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ပန်းတိုင်အထွက်နှုန်းများ ပြည့်မီနိုင်မည်ဖြစ်သည်။

စပါးကိုမျိုးကောင်းမျိုးသန့်စိုက်ပျိုးမှသာ ဆန်အမျိုးအစားကောင်းများ ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်ထွက်ရှိသော ဆန်များမှာ အရည်အသွေးကောင်းမွန်မှသာ  ပြည်သူများအဆင့်မီမီ စားသုံးနိုင်ကြမည်ဖြစ်သည်။ ဆန်စပါးဈေးကွက်မှာ ပြည်တွင်းသာမက ပြည်ပတွင်လည်း ရှိထားပြီးဖြစ်၍ အဓိကအားဖြင့်  ဆန်များ အရည်အသွေးကောင်းမွန်ရန်သာ လိုအပ်သည်။ ဈေးကွက်ရရှိနိုင်သည့် ဆန်များကို ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းမွှေးဆန်အား ကမ္ဘာ့ဈေးကွက်ရရှိရေး ကြိုးပမ်းကြရမည်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်  ပင်လောင်းလမ်းဆုံအနီး  စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်း စီမံကိန်းလုပ်ငန်းများ အားလုံးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ  ၂၈ ရက်တွင် လုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးခဲ့သည်။ ဆောင်ရွက်ပြီးစီးသည့် စနစ်ကျလယ်မြေများတွင် တောင်သူများက နွေစပါး စိုက်ပျိုးရန် ဆောင်ရွက်နေပြီဖြစ်ရာ ဧက ၁၀၀ ခန့်စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ ကျန်ရှိသည့်ဧက ၁၇၀ ကျော်မှာလည်း  ထွန်ယက်စိုက်ပျိုးရန် မြေယာပြုပြင်မှုများ ဆောင်ရွက်လျက်ရှိသည်။ တောင်သူများအနေဖြင့် အချိန်ရာသီမရွေး ရိတ်သိမ်းသည့်အချိန်မှာ ရိတ်သိမ်းရန်နှင့် သယ်ယူပေးနိုင်ရန် အတွက်  နိုင်ငံတော်က လယ်ယာသုံး စက်ကိရိယာများ ပံ့ပိုးထားပြီးဖြစ်သည်။ သို့ဖြစ်၍ အရည်အသွေးကောင်း သီးနှံများ ရရှိစေမည်ဖြစ်သည်။

စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ပေးသည့် အတွက် လယ်ကွက်များ ကျယ်ပြန့်ပြီး  မြေယာပြန့်ပြူးခြင်းကြောင့် ယခင်ကရေသုံးစွဲသည့် ပမာဏထက် များစွာလျှော့ချ သုံးစွဲနိုင်သည်။  လယ်ကွက်ကျယ်များမှာ  လယ်ယာသုံးစက်ကိရိယာများ စက်စွမ်းအားအပြည့် မောင်းနှင်အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် လောင်စာဆီသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ ကုန်ထုတ်လမ်းများ ပါဝင်သည့်အတွက် လယ်ယာသုံး စက်ကိရိယာများ အချိန်အခါမရွေး ဝင်ထွက်သွားလာပြီး လုပ်ကိုင်နိုင်သည်။ တောင်သူများအနေဖြင့် တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။ လယ်ယာလုပ်သားများ အသုံးပြုသည့် နေရာတွင်   လယ်ယာသုံးစက်ကိရိယာများဖြင့်   စက်မှုလယ်ယာစနစ်ကို ပြောင်းလဲနိုင်သောကြောင့် လုပ်သားအင်အား လျှော့ချနိုင်သည်။ အနှစ်ချုပ်ဆိုရသော် စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းမှာ   တောင်သူဦးကြီးများနှင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။