အောင်မြင်မှုလမ်းကြောင်းပေါ်သို့လျှောက်လှမ်းနိုင်ရေး

အောင်မြင်မှုလမ်းကြောင်းပေါ်သို့လျှောက်လှမ်းနိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၅ ခုနှစ်၊မတ်လ ၁၇)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ  နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည်။  အနာဂတ်တွင်အရေးပါ အရာရောက်မည့်လူငယ်ကဏ္ဍကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်အားလုံး တို့မှာ နောင်တစ်ခေတ် တွင်နိုင်ငံတော်တာဝန်များကို ဦးလည်မသုန်မဖြစ်မနေထမ်းဆောင်ကြရမည့် သူများဖြစ်သည်။ ထိုလူငယ်များအရည်အချင်းပြည့်ဝနေမှသာ  နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို  ဆောင်ကြဉ်းပေးနိုင်ပေလိမ့်မည်။လူငယ်များသည် အတတ်ပညာအရာတွင်လည်းကောင်း၊ အသိပညာအရာတွင်လည်းကောင်း ထူးချွန်နေကြရမည်ဖြစ်သည်။ ထို့ပြင်လူငယ်များမှာ ပညာတတ်မြောက်နေရုံဖြင့် ပြီးပြည့်စုံမည်မဟုတ်သည့်အတွက်ကျန်းမာသန်စွမ်းသောလူငယ်များဖြစ်ကြရန်လိုအပ်သည်။

ထို့ကြောင့်လူငယ်များနှင့်ပတ်သက်လာလျှင် ဘက်စုံပညာရေးစနစ်ကိုကျင့်သုံးနေခြင်း၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍကိုမြှင့်တင်ပေးနေခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဟူသောဦးတည်ချက်ဖြင့် အလေးထားဆောင် ရွက်ပေးလျက်ရှိသည်။ လူငယ်တိုင်းမှာ KG+9 သင်ယူပြီးမြောက်သည်နှင့် အသက်မွေးဝမ်းကျောင်းပညာများကို ရွေးချယ်သင်ယူနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဟူသောကဏ္ဍသုံးရပ်ကိုလမ်းကြောင်းဖွင့်လှစ်ပေးထားသည်။ ထို့အတူ အခြေခံပညာမှအဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်သည့်လမ်းကြောင်းကိုလည်း ယခင်အတိုင်းဆောင်ရွက်ပေးထားသည်။

ယခုအခါ Grade -12 ကျောင်းသား၊ ကျောင်းသူများ၏ တက္ကသိုလ်ဝင်စာမေးပွဲသည် မတ်လ ၁၇ ရက်နေ့တွင်စတင်ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါစာမေးပွဲသည် ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်ပညာသို့တက်လှမ်းရမည့်လှေကားထစ်ဖြစ်သည်ဟုဆိုနိုင်သည်။ ပညာသင်နှစ်အစမှသင်ယူထားသည်များကို စစ်ဆေးမေးမြန်းပြီး ဖြေဆိုအောင်မြင်သည့်အရည်အချင်းအလိုက် သင့်လျော်ရာတက္ကသိုလ်များ သို့တက်ရောက်ခွင့်ရရှိကြမည်ဖြစ်သည်။ ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးသို့ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့မလျော့မပေါ့မဆဘဲဖြေဆိုကြရမည်ဖြစ်သည်။

အစကောင်းမှအနှောင်းသေချာဆိုစကားကဲ့သို့ ဘဝ၏အစဖြစ်သည့် ကျောင်းနေအရွယ်မှစတင်ကာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို ပြည့်ဝစွာလေ့ကျင့်ဖြည့်ဆည်းထားကြရမည်ဖြစ်သည်။ ပညာသည်တစ်ဦး ချင်းအတွက်သာမက နိုင်ငံအတွက်ပါအဓိကကျလှသဖြင့် ကျောင်းသား၊ ကျောင်းသူတိုင်းက ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ယူကြရမည်ဖြစ်သည်။  လူငယ်တိုင်းသည်  အနာဂတ်တွင်မိမိတို့ဖြစ်ချင်သည့်အရာကို ဖြစ်အောင်လုပ်ဆောင်နိုင်သည့်အခွင့်အရေး ရာခိုင်နှုန်းပြည့်ရှိကြပြီးဖြစ်သည်။ မိမိတို့တစ်ဦးချင်းစီ၏လူနေမှုဘဝတွင် ပညာများများတတ်လေလေ ကောင်းကျိုးများလေလေဖြစ်သည်။  တက္ကသိုလ်ဝင်စာမေးပွဲမှာဘဝတစ်ကွေ့၏အတားအဆီးတစ်ခုဟုဆိုပါက ထိုအတားအဆီးကို အောင်မြင်စွာဖြတ်ကျော်နိုင်ကြရပေမည်။

စာမေးပွဲဖြေဆိုရမည့်ကာလသည် လူငယ်မောင်မယ်တို့အတွက် အရေးကြီးကာလများဖြစ်သည်။ သတိနှင့်ယှဉ်ကာ စားသောက်နေထိုင်ကြရမည်။ ကျန်းမာရေးကိုအထူးဂရုစိုက်ကြရမည်။ စိတ်ကိုမွန်းကျပ် နေအောင် သို့မဟုတ် စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်တတ်ကြရမည်ဖြစ်သည်။ စိုးရိမ်ပူပန်မှုစိတ်မျိုးကိုပယ်ဖျောက်ထားကြရမည်။ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို အောင်အောင်မြင်မြင်ဖြေဆိုနိုင်မည်ဆိုသည့်စိတ်ကို ရဲရဲဝံ့ဝံ့ထားရှိကြရမည်။ တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်မှသာ မိမိတို့အသီးသီးရည်မှန်း ထားသည့်တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်သည်။

လူ့ဘဝခရီးကို လောကနီတိကျမ်းတွင် အရွယ်သုံးပါး၊ အပိုင်းသုံးပိုင်းခွဲခြားပြဆိုထားသည်။ အသက် အရွယ်အပိုင်းအခြားအလိုက် မိမိတို့ဆောင်ရွက်ရသည်များကို ကောင်းမွန်စွာဆောင်ရွက်ကြမှသာ လူ့ဘဝ ခရီးလမ်းကြောင်းဖြောင့်ဖြူးမည်ဖြစ်သည်။ လူတို့၏ပထမအရွယ်သည် ပညာသင်ကြားကြရမည့်အရွယ်ဖြစ် သည်။ ပထမအရွယ်တွင် ပညာကိုကျွမ်းကျင်စွာတတ်မြောက်ထားကြရန်လိုသည်။ ဒုတိယအရွယ်ဆိုသည် မှာတတ်မြောက်ထားသည့်ပညာများနှင့် စီးပွားဥစ္စာရှာဖွေကြရမည့်အရွယ်ဖြစ်သည်။ လူတိုင်းသည် တိုးတက် ကြီးပွားလိုကြသည်။ ထိုသို့တိုးတက်ကြီးပွားရန်မှာ ပညာအခြေခံကောင်းနေရန်လိုအပ်သည်။ ပထမအရွယ်မှာ အသိပညာ၊ အတတ်ပညာများပြည့်ဝနေမှသာ ဒုတိယအရွယ်တွင် သင့်တင့်လျောက်ပတ်စွာ လူမှုစီးပွားဘဝဖွံ့ဖြိုးနေမည်ဖြစ်သည်။

လူမှုစီးပွားဘဝ သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုခြင်းဆိုသည်မှာ ကုန်စည်ကူးသန်းရောင်းဝယ် ခြင်းသာမက မိမိတို့ပညာရပ်နှင့်သင့်တော်သည့် နိုင်ငံ့ဝန်ထမ်းဆောင်ရွက်ခြင်းမျိုးလည်းပါဝင်သည်။ နိုင်ငံ အတွက် အဆင့်မြင့်မြင့်တာဝန်ထမ်းဆောင်နေကြသူများအားလုံးသည် ပညာသင်သည့်အရွယ်က ပညာကိုကြိုးကြိုးစားစားထွန်းပေါက်အောင်သင်ယူခဲ့ကြသူများဖြစ်သည်။ ဒုတိယအရွယ်တွင် ပညာနှင့်စီးပွားပြည့်ဝ နေမှသာ တတိယအရွယ်တွင် စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာများကို ပွားများနိုင်မည်ဖြစ်သည်။ ဤသည်မှာ လောကဓမ္မတာဖြစ်၍ အစကောင်းမှအနှောင်းသေချာဟူသောစကားကို ရှေးလူကြီးများသုံးစွဲ ထားခြင်းဖြစ်သည်။ ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်လူငယ်များအားလုံး မိမိတို့ရည်မှန်းချက်သို့ရောက်ရှိရေး အောင်မြင်စွာဖြေဆိုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရေးသားလိုက်ရပေသည်။   ။