၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

 

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

 

နေပြည်တော်   မတ်   ၁၇

    ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ယနေ့ စတင်ကျင်းပလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း သက်ဆိုင် ရာ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

နံနက်ပိုင်းမှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့်ကျောင်း သား၊ ကျောင်းသူများသည် မိမိတို့ဖြေဆိုကြမည့် စာစစ်ဌာနများသို့ အချိန်မီရောက်ရှိ လာကြရာ တာဝန်ကျ ဆရာ၊ ဆရာမများက စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်း၊ ဖြေဆိုကြမည့် အခန်းများအတွင်း၌လည်း ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်     စာမေးပွဲဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ 

“ဒီစာစစ်ဌာနမှာ အထက(၅)၊ အထက(၆)၊ စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အလွတ်ဖြေတို့ ဖြေဆိုကြမှာဖြစ်ပါတယ်။ ဘာသာတွဲအလိုက်  ဒီစာစစ်ဌာနမှာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ  ၃၇၄ ဦး ဖြေဆိုမှာဖြစ်ပါတယ်။     တစ်ခန်းကို ကျောင်းသား၊  ကျောင်းသူဦးရေ ၃၀ စီဖြေဆိုမှာဖြစ်ပြီး   စာဖြေခန်း စုစုပေါင်း ၁၃ ခန်းဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ခန်းနဲ့ အရန်အခန်းတွေလည်း ထားရှိပါတယ်။ ဒီကျောင်းမှာ ကတ်ထုတ်ဝေပေးတာကအစ အားလုံးအဆင်ပြေ ချောမွေ့ပါတယ်” ဟု အမှတ် (၆)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင်  ကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်နေသည့်  ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ စာစစ်ဌာန နှစ်ခု၊  လယ်ဝေး မြို့နယ်ရှိ စာစစ်ဌာန ၁၀ ခု၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန ခြောက်ခု၊ ပျဉ်းမနားမြို့နယ်ရှိ စာစစ်ဌာန ငါးခု၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာန ငါးခု၊ ဇေယျာသီရိ မြို့နယ်ရှိ စာစစ်ဌာန ငါးခု၊   ဥတ္တရသီရိမြို့နယ်ရှိ  စာစစ်ဌာန ခြောက်ခု၊  တပ်ကုန်းမြို့နယ်ရှိ စာစစ်ဌာန ရှစ်ခုတို့တွင်   ကျောင်းသား ၅၄၈၄ ဦး၊ ကျောင်းသူ ၇၀၆၈ ဦး စုစုပေါင်း ၁၂၅၅၂ ဦးဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း   သိရသည်။

“ပထမဦးဆုံးဖြေဆိုတဲ့ မြန်မာစာကိုတော့ အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ဖြေဆိုနိုင်ခဲ့ပါတယ်။ ကျက်ထားတာတွေ တိုးတဲ့အတွက်   အခက်အခဲမရှိပါဘူး။ စာမေးပွဲခန်းဝင်ခါနီး စိတ်လှုပ်ရှားမှုနည်းနည်းရှိပါတယ်။ နောက်ထပ်ဖြေဆိုမယ့် ဘာသာရပ်တွေကိုလည်း အခက်အခဲမရှိ ဖြေဆိုနိုင်အောင် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ မောင်ပိုင်ထက်ဦးက ပြောသည်။

ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ် ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက် ထားကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ တစ်နေ့ တစ်ဘာသာနှုန်းဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။