မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် မတ် ၁၇

    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ်  အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်  စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့်   စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” အချက်ကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်စေရေး၊ မသန်စွမ်းလူငယ်များ လူ့အဖွဲ့ အစည်းအတွင်း ပါဝင်မှုအပေါ် ပိုမိုလေးနက်စွာနားလည်အသိအမှတ်ပြုနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် ရည်ရွယ်၍ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ကြောင်း။ 

သင်တန်းတွင် စာတွေ့/လက်တွေ့အနေဖြင့် ခေါင်းလျှော်ရည်၊ Hand Gel ၊ ဆပ်ပြာရည်မျိုးစုံ၊ အိမ်သုံးဆပ်ပြာခဲပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်၍ မသန်စွမ်းလူငယ်များ အိုးမကွာ အိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး လူသုံးကုန်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ တပ်ကုန်းမြို့နယ်  ပြည်သူ့အားကစားကွင်း၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမ ဒေါ်ခိုင်ခိုင်မော်နှင့်ဒေါ်မြင့်သန္တာကျော်တို့က မသန်စွမ်းလူငယ် သင်တန်းသား ၃၀ ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။