ဖွံ့ဖြိုးတိုးတက်သာယာလှပသော မွန်ပြည်နယ်

ဖွံ့ဖြိုးတိုးတက်သာယာလှပသော မွန်ပြည်နယ်

အယ်ဒီတာ့အာဘော်
(၂၀၂၅ ခုနှစ် ၊ မတ် ၁၉ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ၏လိုလားချက်နှင့်အညီ တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားရာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံအဖြစ်သို့ရောက်ရှိရန် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကိုလေးစားလိုက်နာခြင်းတို့ဖြင့် ဒီမိုကရေစီတည်ဆောက်ရေးတွင် ပါဝင်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပေါင်းစုဖွဲ့စည်းထားသည့်ပြည်ထောင်စုနိုင်ငံဖြစ်သည်။အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မွန်ပြည်နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

မွန်ပြည်နယ်၏သမိုင်းကြောင်းကိုလေ့လာကြည့်ပါက မွန်ပြည်နယ်ဟုသတ်မှတ်ခေါ်ဝေါ်ခြင်းမပြုမီ  ယခင်ကမွန်ပြည်နယ်၏နယ်မြေများဖြစ်သည့် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၁)အဖြစ်လည်းကောင်း၊ ထားဝယ်ခရိုင်နှင့်မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ်(၂)အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းထားခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်းအမှတ်(၁)အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးထိုးခဲ့သည့်နေ့ရက်မှာ မတ်လ ၁၉ ရက်ဖြစ်သည်။ အဆိုပါမတ်လ ၁၉ ရက်ကို မွန်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့ရာ  ၂၀၂၅ ခုနှစ် မတ်လ၁၉ ရက်တွင် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့သို့ရောက်ရှိပြီဖြစ်သည်။

မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတပြီး တောတောင်မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သော သစ်တောများ၊ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များရှိသည့်ပြည်နယ်ဖြစ်သည်။ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့်ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတ၊ ရေသယံဇာတများ၊ စက်မှုကုန်ကြမ်းထွက်ကုန်များကြွယ်ဝပြီးဂုဏ်ယူဖွယ်ရာသာယာလှသည့်ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်သည် ပထဝီအနေအထားအရ နိုင်ငံ၏တောင်ဘက်၊ တနင်္သာရီကမ်းမြောင်ဒေသ၏မြောက်ပိုင်းတွင်တည်ရှိသည်။ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဘင်္ဂလားပင်လယ်အော်၊ မုတ္တမကွေ့၊ ထိုင်းနိုင်ငံတို့နှင့်ဆက်စပ်လျက်ရှိပြီး ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာတွင်တည်ရှိသည်။

ယခင်က သံလွင်မြစ်ပေါ်တွင် မြစ်ကူးတံတားကြီးတည်ဆောက်ထားခြင်းမရှိခဲ့သည့်အတွက် မုတ္တမနှင့် မော်လမြိုင်ကို ခက်ခဲစွာကူးသန်းခဲ့ကြရသည်။ တပ်မတော်က နိုင်ငံတော်ကိုဦးဆောင်ခဲ့သည့်အချိန်၌အလွန်ကျယ်ပြန့်ခက်ခဲလှသောသံလွင်မြစ်ပေါ်တွင် မြစ်ကူးတံတားကြီးတည်ဆောက်ပေးခဲ့သည့်အတွက်ပြည်သူများအချိန်တိုတိုနှင့်လွယ်ကူစွာသွားလာနိုင်ကြပြီဖြစ်သည်။ သံလွင်တံတား(မော်လမြိုင်)နှင့်သံလွင်တံတား(ချောင်းဆုံ)တို့အပါအဝင် မွန်ပြည်နယ်တွင် ပေ ၃၀၀ အထက် တံတားပေါင်း  ၁၀  စင်းဆောက်လုပ်ပေးထားသည်။

မွန်တိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်းသို့ အစောဆုံးဝင်ရောက်နေထိုင်သောလူမျိုးများဖြစ်သည်။မြတ်စွာဘုရားရှင်ပွင့်တော်မမူမီကာလကတည်းက သထုံဒေသဝန်းကျင်တွင် သုဓမ္မဝတီနိုင်ငံအဖြစ်  တည်ရှိခဲ့ကာ ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု၊ အနုသုခုမပညာများပြန့်ပွားခဲ့ပြီး ယနေ့အထိထိန်းသိမ်းလျက်ရှိသည့် သမိုင်းကောင်းများမှာ မွန်ပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာများဖြစ်သည်။ မွန်ပြည်နယ်သည်ထင်ရှားသောသာသနာပြုမင်းကောင်းမင်းမြတ်များ၊ ရဟန်းပညာရှိများ၊ လူပညာရှိများ၊ ကျမ်းဂန်တတ် စာပေပညာရှင်များ၊ သူရသတ္တိထက်မြက်သည့်သူရဲကောင်းများထွန်းကားခဲ့သော သမိုင်းအစဉ်အလာရှိသည့် ပြည်နယ်ဖြစ်သည်။ ထို့ပြင် မွန်လူမျိုးတို့၏ ဘာသာစာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ အထွတ်အထိပ်သို့ရောက်ရှိခဲ့သည့် အစဉ်အလာကောင်းသောပြည်နယ်တစ်ခုလည်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း အံ့ချီးဖွယ်ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပါအဝင် ရှေးဟောင်းတန်ခိုးကြီးဘုရားများစွာတည်ရှိပြီး သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်ကြီးတို့က စစ်မှန်သောဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွားထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် သုဝဏ္ဏဘူမိဒေသသည် သာသနာတော်ထွန်းကားပြန့်ပွားရာဒေသဖြစ်ခဲ့သည်။ ဤသည်မှာမွန်ပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာသမိုင်းမှတ်တမ်းများဖြစ်သည်။ ပြည်တွင်း၊ ပြည်ပမှ အပန်းဖြေခရီးသွားလိုသူများအတွက် ကျိုက္ခမီ၊ စက်စဲ၊ ကဗျာဝ စသောသဘာဝပင်လယ်ကမ်းခြေများက လှပစွာဆွဲဆောင်လျက်ရှိသည်။ ထို့ပြင် “ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီး”မှာလည်း မြန်မာ့အံ့ဖွယ်၊ ကမ္ဘာ့အံ့ဖွယ်တစ်ရပ်ဖြစ်သည်။ ခရီးသွားလုပ်ငန်းရှုထောင့်မှဖြစ်စေ၊ ဘာသာရေးရှုထောင့်မှဖြစ်စေ၊ လူမျိုးဘာသာမရွေး သွားရောက်ကြည့်ရှုဖူးမြော်ကြရင်းရင်သပ်ရှုမောအံ့ဩကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးကိုအမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်ထားရှိဆောင်ရွက်လျက်ရှိသည်။လူတိုင်းအသက်ရှင်သန်ရပ်တည်နေနိုင်ရေးအတွက် စားဝတ်နေရေးသည် အခြေခံလိုအပ်ချက်ဖြစ်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးလျက်ရှိသည်။ ထို့အတူ လူတိုင်းအသိဉာဏ်မြင့်မားကာလူမှုစီးပွားဘဝရှင်သန်နိုင်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍများကိုလည်း မြှင့်တင် ပေးလျက်ရှိသည်။ ထို့ကြောင့် မွန်ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေ ဖြင့် မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ပြည်သူများ၏လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက်ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံ၍ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။   ။