တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု တိပိဋက ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ယောဆရာတော်ကြီး၏ သက်တော် ၈၂ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားကျင်းပ
ရန်ကုန် မတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ထေရဝါဒဓမ္မရောင်ခြည် စာသင်တိုက် မင်္ဂလာဒုံမြို့နယ် ရွှေဥမင်ဓမ္မသုခတောရရိပ်သာနှင့် ပရိယတ္တိစာသင်တိုက် ကလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ကလေးမြို့ တိပိဋကတောင်ဖီလာတောရ စာသင်တိုက်တို့၏ ဦးစီးပဓာနနာယက ဖြစ်တော်မူသော တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု တိပိဋက ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ယောဆရာတော်ကြီး၏ သက်တော် ၈၂ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်၌ ကျင်းပသည်။
အခမ်းအနားသို့ ယောဆရာတော်ကြီး အမှူးပြုတော်မူသော ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ဧည့်ပရိသတ်များက မင်္ဂလာဒုံမြို့နယ်ကန်သုံးဆင့်ပရိယတ္တိ စာသင်တိုက် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒသိရီထံမှ သြဝါဒကထာ နာယူကြသည်။
ယင်းနောက် အဓိပတိမဟာနာယက ဆရာတော်ကြီးများနှင့် ဆရာတော် အသီးသီးတို့ ချီးကျူးဂုဏ်ပြုခဲ့သော တိပိဋက ယောဆရာတော်ကြီး၏ “တိပိဋက ယောထေရ ဘဝဓမ္မဂုဏ်ရည်များ” ကို တိုက်အုပ်ဘုန်းကြီး အရှင်သိရိကဉ္စနာဘိဝံသက ဖတ်ကြားပူဇော်သည်။
ထို့နောက် ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော်များအား ဧည့်ပရိသတ်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ယောဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သိရသည်။