ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး
အယ်ဒီတာ့အာဘော်
(၂၀၂၅ ခုနှစ်၊မတ် ၂၁ ရက်)
ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကိုစောင့်ထိန်းသည်။ဤသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၄၁ တွင်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ၏နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒကိုအကောင်အထည်ဖော်ရာတွင် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သံတမန်ရေးရာများတွင် ထုံးတမ်းအစဉ်အလာအရ အပြန်အလှန် အသိအမှတ်ပြုဆောင်ရွက်ရန်ရည်ရွယ်၍ ပြည်ပနိုင်ငံများတွင် မြန်မာသံရုံး၊မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မတ်လ ၃ ရက်မှ ၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့်တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့နှင့်စိန့်ပီတာစဘတ်မြို့တို့တွင် ကောင်စစ်ဝန်ချုပ်ရုံးများဖွင့်လှစ်ခြင်းနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံနှင့်သံတမန်ဆက်ဆံရေးထူထောင်ထားရှိသည်။ ကမ္ဘာ့နိုင်ငံ ၄၆ နိုင်ငံမှ သံရုံး၊ အဖွဲ့ရုံးနှင့်ကောင်စစ်ဝန်ချုပ်ရုံး ၅ဝ ရုံးကို မြန်မာနိုင်ငံတွင် လက်ခံဖွင့်လှစ်ထားရှိသည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို လက်ခံကျင့်သုံးသည့်နိုင်ငံဖြစ်ပြီးအဆိုပါမူ(၅)ချက်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏အခြေခံရေသောက်မြစ်ဖြစ်သည်။ အဆိုပါမူဝါဒသည် ၁၉၅၄ ခုနှစ်တွင် မြန်မာ၊ တရုတ်နှင့်အိန္ဒိယခေါင်းဆောင်များက ချမှတ်ခဲ့ကြခြင်းဖြစ်သည်။တစ်နိုင်ငံ၏နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှုမပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင်ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းရန်၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် စသည့်မူများဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်၂၀၂၁ ခုနှစ်တွင် အာဆီယံထိပ်သီးအစည်းအဝေး၊ ၂၀၂၁ ခုနှစ် (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ညီလာခံ၊၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အရှေ့ဖျားစီးပွားရေးဖိုရမ်၊ ၂၀၂၄ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ CLMV ထိပ်သီးအစည်းအဝေးများသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည်။၂၀၂၁ ခုနှစ်တွင် GMS ထိပ်သီးအစည်းအဝေး၊ ၂၀၂၁ ခုနှစ်နှင့် ၂ဝ၂၃ ခုနှစ် MLC ထိပ်သီးအစည်းအဝေးများတွင် Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဖြူစင်ဖြောင့်မတ်မှန်ကန်သောဆက်ဆံရေးဖြင့် ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေသဘောထားဖြင့် ဆက်ဆံလျက်ရှိသည်။ ဒေသတွင်းထိပ်သီးအစည်းအဝေး များ၊ ဝန်ကြီးအဆင့်အစည်းအဝေးများနှင့် အလွတ်သဘောအစည်းအဝေးများတွင် ပိုမိုထိတွေ့ဆက်ဆံဆွေးနွေးနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကို အဓိကစိန်ခေါ်နေသည့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ လက်နက်မှောင်ခိုမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးတွင်ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြင့်တက်လာသည်။ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်နေသည့်နိုင်ငံများမှ နိုင်ငံခြားသားများအား ရှာဖွေကယ်ဆယ်ဖမ်းဆီး၍ သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေး ခြင်းများဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ပြည်ပနိုင်ငံများတွင်အခက်အခဲကြုံနေရသူ မြန်မာနိုင်ငံသားများကိုလည်း အမိနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကိုဘက်စုံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရင်း ကမ္ဘာ့နိုင်ငံအားလုံးနှင့်ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။