စိန်ခေါ်မှုနှင့် ရရှိနိုင်သည့် အခွင့်အလမ်းများ
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ မတ် ၂၃ ရက်)
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ ၌ကျင်းပသည်။ အဆိုပါသုံးသပ်ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ”စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြသည်။
သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်း ဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါသုံးသပ်ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားစဉ် “လူမှုယဉ်ကျေးမှု အပိုင်းတွင်လည်း ဗဟုဝင်ရိုးခေတ်ကြီးတွင် ပါဝါအရွေ့များ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာသည့်အတွက် ပြည်တွင်း တည်ငြိမ်ရေးသည် အဓိကနေရာ ရောက်လာကြောင်း၊ သတင်းတုသတင်းမှားများ တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ်ပညာ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားဩဇာအရှိန် သက်ရောက်အောင် ကြိုးစားနေမှုများအပေါ်ကိုလည်း တန်ပြန်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊
အလျင်အမြန်ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးနှင့်အတူ ကောင်းမွန်စွာလိုက်ပါ ရှင်သန်နိုင်ရေးအတွက် မိမိတို့အနေဖြင့် လူသားအရင်းအမြစ်များ ရင်းနှီးမြှုပ်နှံကြရမည်၊ လုပ်သားအင်အားစုကြီးကို ပညာသင်ကြားပေးမှုနှင့် လေ့ကျင့်ပေးမှုများ အသေအချာလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း”ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်း များသုံးသပ်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အနာဂတ်ကို ပုံဖော်နိုင်ရန်နှင့် ကမ္ဘာ့အသိုက် အဝန်းနှင့်ချိတ်ဆက်မှုများ ဆောင်ရွက်ရာတွင် အရေးပါသည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်။ ကမ္ဘာကြီးသည် ယနေ့အချိန်အခါတွင် ဗဟုဝင်ရိုးကမ္ဘာကြီးအဖြစ် ပြောင်းလဲလျက်ရှိနေပြီဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးများတွင် အင်အားကြီးနိုင်ငံများ၏ လွှမ်းမိုးမှုပုံစံများ ပြောင်းလဲလာနေသည်ကို တွေ့ကြရမည်ဖြစ်သကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း ပိုပြီးအရေးပါလာနေသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် Globalization ကာလမှ Regionalization ပုံစံများဆန်းသစ် ပေါ်ထွန်းလာနေသည့် အချိန်အခါကို ပြောင်းလဲလာနေပြီဟု ဆိုရမည်ဖြစ်သည်။
ဗဟုဝင်ရိုးကမ္ဘာကြီးတွင် နိုင်ငံများအနေဖြင့် ယခုထက်ပို၍ လိုက်လျောညီထွေပြောင်းလဲနိုင်ပြီး လက်တွေ့ကျသည့် သံတမန်ရေးရာဆက်ဆံမှု၊ ချဉ်းကပ်မှုများ လိုအပ်လာမည်ဖြစ်သည်။ ပုံသေဆန်လွန်းသည့် အတွေးအခေါ်များအပေါ် အခြေခံခြင်းထက် သတ်သတ်မှတ်မှတ် အကြောင်းကိစ္စများအပေါ် အခြေခံပြီး မိမိတို့၏မိတ်ဖက်များ တည်ဆောက်ကြရမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများတွင် ပါဝင်ထိတွေ့ဆက်ဆံမှုများကိုပါ တစ်ဆက်တည်း တိုးမြှင့်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။ မည်သည့်နိုင်ငံတစ်နိုင်ငံတည်းကမှ ကမ္ဘာလုံးဆိုင်ရာ ရလဒ်တစ်ခုကို ၎င်းကိုယ်ပိုင်ဖန်တီး၍ မရနိုင်တော့သည်ကို နိုင်ငံအားလုံးကသိမြင်နေကြပြီဖြစ်သည်။ ယနေ့အချိန်တွင် နိုင်ငံတကာပြဿနာများကို ပိုမိုစုပေါင်းပါဝင်သည့်နိုင်ငံစုံ အဖွဲ့အစည်းများ၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုများမှ တစ်ဆင့် ဖြေရှင်းလာနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဩဇာပါဝါကိုယ်စီရှိနေကြသည့် နိုင်ငံများသည် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်ထက် အပြိုင်အဆိုင်ဩဇာ လွှမ်းမိုးရန် ကြိုးပမ်းလာနေကြသည်ကိုလည်း တွေ့နေကြရသည်။
နိုင်ငံတကာကပညာရှင်ကြီးများ အနေဖြင့်လည်း ယခုဆွေးနွေးပွဲကြီးကို တက်ရောက်လာစဉ် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရကြသည်။ သတင်းတု၊ သတင်းမှားများဖြင့် မြန်မာနိုင်ငံ၏ပုံရိပ်ကို အမျိုးမျိုးဖျက်နေကြသည့် မီဒီယာအတုများ၊ လွတ်လပ်မှုကင်းသည့် မီဒီယာများက ဖော်ဆောင်နေသည့် မြန်မာ့ပုံရိပ်နှင့်ပညာရှင်ကြီးများ ယခုကိုယ်တိုင် ထိတွေ့မြင်တွေ့ရသည့် မြန်မာ့ပုံရိပ်သည် လွန်စွာကွာခြားမှုများ၊ ခြားနားမှုများရှိနေသည်။ ဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏ အနာဂတ်ကိုလှပစွာ ပုံဖော်ရာတွင် အားကောင်းသည့် ကောက်ကြောင်းပုံရိပ်များ ဖြစ်လာလိမ့်မည်။ မြန်မာနိုင်ငံနှင့် နိုင်ငံတကာကိုချိတ်ဆက်ပေးရင်း မြန်မာနိုင်ငံ၏ ပုံရိပ်အမှန်များကို ပြန်လည်သယ်ဆောင်ကာ ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။