ကျန်းမာရေးအသိနှင့် သတိရှိရှိနေထိုင်သွားလာရေး
အယ်ဒီတာ့ အာဘော်
(၂၀၂၅ ခုနှစ်၊မတ် ၂၄ ရက်)
မြန်မာနိုင်ငံတွင် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိကို နွေဥတုဟုသတ်မှတ်ထား သည်။ နွေဟုဆိုလိုက်သည်နှင့် အပူဒဏ်ကိုကြုံတွေ့ခံစားရပေတော့မည်။ တပေါင်းလပြည့်ကျော် ၁ ရက်သည် မတ်လထဲတွင်ပါဝင်သည့်အတွက် စာဆိုရှင်တို့က နွေဦးမတ်လဟုရေးသားကြသည်မှာနွေဥတု ရောက်ပြီဖြစ်ကြောင်း သတိပြုမိစေရန်ဖြစ်သည်။ မတ်လဆန်းမှစတင်သည့် ယခုနှစ်နွေရာသီအပူချိန်သည် ယခင်နှစ်များထက်စာလျှင် မြင့်မားသည်ဟုမဆိုနိုင်သေးသော်လည်း အပူဒဏ်ကိုတော့မလွဲမသွေကြုံကြရသည်။ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေကြရသည်မို့ အပူဒဏ်နှင့်ပတ်သက်လာလျှင် အပူဒဏ်ကာကွယ်ရေးကို သတိပြုကာကွယ်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများ၏ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကိုမြှင့်တင်ပေးလျက်ရှိသည်။ အဆိုပါကဏ္ဍပေါင်းစုံတွင် အဓိကဖြစ်သည်မှာ ကျန်းမာရေးကဏ္ဍဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ရာသီအလိုက် ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကိုထုတ်ပြန်ပေးလျက်ရှိသည်။ ယခုအခါနွေရာသီသို့ရောက်လာပြီဖြစ်၍ နွေရာသီနှင့်ပတ်သက်သော အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်ကို ထုတ်ပြန်ပေးလျက်ရှိသည်။ ကျန်းမာစွာနေထိုင်လိုသူတိုင်းက အဆိုပါနှိုးဆော်ချက်ကိုသိရှိလေ့လာပြီး ကျန်းမာအောင်နေထိုင်ကြရမည်ဖြစ်သည်။
အသက်ကိုဉာဏ်စောင့်သည်ဆိုသည့်အတိုင်း မိမိအသက်ရှင်သန်ရေးအတွက် ဉာဏ်ဖြင့်ဆင်ခြင်စဉ်းစားပြီး ဆောင်သင့်တာဆောင်ကာ ရှောင်သင့်တာရှောင်ကြရမည်ဖြစ်သည်။ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်။
နေ့အပူချိန်မြင့်တက်လာမှုနှင့်အတူ နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည်ပါဝင်နှုန်းမြင့်မားလာမှုကြောင့် အပူရှိန်မြင့်မားမှုဒဏ်ကို ပိုမိုသိသာစွာခံစားခဲ့ရခြင်းဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်မှာ လူသားတို့မျက်စိဖြင့်မမြင်နိုင်သော နေရောင်ခြည်မှဖြာထွက်လာသည့် ရောင်စဉ်လှိုင်းဖြစ်သည်။ မတ်လဒုတိယပတ်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်မှုအညွှန်းကိန်းမှာ ၆ မှ ၇ ပြည့်သည့် လိမ္မော်ရောင်အဆင့် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားလာသည့်အခြေအနေဖြစ်သည်။ နေ့လယ်နေ့ခင်းတွင် အပူချိန်ပိုမိုမြင့်မားနေသဖြင့် ကျန်းမာရေးကိုအထူးဂရုပြုရမည်ဖြစ်သည်။
ပြည်သူများအနေဖြင့်အလွန်ပူပြင်းလာပါက အရိပ်ရ၍ အေးမြသောနေရာများတွင်နေထိုင်ပါ။ မိမိ၏ အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့်ပခုံးတို့ကိုပါ လုံခြုံသောအရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များကိုဝတ်ဆင်ပါ။ နေ့ခင်းနေ့လယ်အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်း၍သွားလာပါ။ နွေရာသီတွင် ရေများများသောက်ခြင်းဖြင့် မိမိကျန်းမာရေးကိုကောင်းမွန်အောင်လုပ်ဆောင်ကြရန်ဖြစ်သည်။ ရေသည်ဆေးတစ်ပါးဖြစ်သည်။
ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့်ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူ များအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေကြရမည်။ ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကိုရှောင်ကြဉ်ရမည်။ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကိုရှောင်ကြဉ်ရမည်။ ပူပြင်းသောနေရောင်အောက်တွင် အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းနှင့် အလွန်အေးသောအခန်းနှင့်ကားအတွင်းသို့ ချက်ချင်းဝင်ရောက် ခြင်းတို့ကိုရှောင်ကြဉ်ရမည်။ နွေရာသီတွင် အရက်သေစာကိုအလွန်အကျွံသောက်စားခြင်းကြောင့် အပူဒဏ် အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါကပိုမိုပြင်းထန်စွာခံစားရနိုင်သဖြင့် ရှောင်ကြဉ်ကြရမည်ဖြစ်သည်။
အထူးသတိပြုရမည်မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသောအချိန်များတွင်နေရောင်ခြည်နှင့်ထိတွေ့မှုကြောင့် အရေပြားများနေလောင်ခြင်း၊ အသားအရောင်များညိုမည်းလာခြင်းများ ဖြစ်စေသည်။နေရောင်ခြည်နှင့်ထိတွေ့မှုများလာသောအခါ အရေပြားများအရွယ်မတိုင်မီပျက်စီးပြီး အိုမင်းရင့်ရော်မှုမြန်ဆန်ခြင်း၊ ခုခံအားများကျဆင်းလာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားကင်ဆာများဖြစ်ပွားခြင်း စသည့်ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။
ပြည်သူများအနေဖြင့် မိမိတို့၏လူမှုစီးပွားဘဝဆောင်ရွက်ရာတွင် မဖြစ်မနေ နေရောင်ခြည်အောက်တွင် အလုပ်လုပ်ရမည်ဆိုလျှင် ကြိုတင်သတိပြုကာကွယ်ဆောင်ရွက်မှုများကို လိုက်နာလုပ်ဆောင်ခြင်းဖြင့်ကျန်းမာရေးကိုဂရုစိုက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊နှလုံး စသည့်ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကျန်းမာရေးမကောင်းသူများသည် အထူးသတိပြုဆင်ခြင် ရှောင်ကြဉ်ကြရန်ဖြစ်ပါသည်။ ကျန်းမာရေးချို့တဲ့ပါက မိမိတို့၏လူမှုစီးပွားဘဝကိုအခက်အခဲကြုံတွေ့စေနိုင်သည်။ ထို့ကြောင့် လူတိုင်းကိုယ်စီ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိရှိ ဖြင့် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ရှောင်ရန်ဆောင်ရန်များကို လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။ ။