ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်သော တပ်မတော်

            

ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်သော တပ်မတော်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ မတ် ၂၅ ရက်)

    ြန်မာနိုင်ငံတွင် တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာ တည်ရှိနေသည့်အတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတ ည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံအတွက် အသက်သွေးကြောနှင့် ပမာတူလှသည်။ အသက်သွေးကြောရှင်သန်ခြင်း မရှိက လူတစ်ဦး၏ဘဝကို နိဂုံးချုပ်သွားစေနိုင်သည်။ ထို့အတူ တပ်မတော်တစ်ရပ် မရှိပါက အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်  ရပ်တည်ရန်ခဲယဉ်းပေလိမ့်မည်။ တပ်မတော်သားဆိုသည်မှာ ပြည်သူလူထု၏ သားသမီးများပင်ဖြစ်သည်။ ပြည်သူများမှ မွေးဖွားလာခဲ့သော သားကောင်း၊ သမီးကောင်းရတနာများသာဖြစ်သည်။

တပ်မတော်သို့   ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသူများမှာ  မိမိတို့၏ယုံကြည်ချက်၊ ခံယူချက်ဖြင့် ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသူများဖြစ်ကြသည်။ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်သည့်စိတ်၊ မြတ်နိုးတန်ဖိုးထားသည့် စိတ်ဖြင့် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

ပြည်သူများ၏ သားသမီးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တပ်မတော်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့်လည်း တပ်မတော်အပေါ် ယုံကြည်အားကိုးကြသည်။ တပ်မတော်အနေဖြင့် နိုင်ငံနှင့်ပြည်သူအပေါ် ကျရောက်လာမည့်  ဘေးအန္တရာယ်မှန်သမျှကို တားဆီးကာကွယ် ပေးလျက်ရှိသည်။

နိုင်ငံတော်နှင့် ပတ်သက်လာလျှင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထား ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်၏ အမျိုးသားနိုင်ငံရေးတာဝန်အဖြစ် ခံယူထားသည်။ ဒို့တာဝန်အရေးသုံးပါးနှင့် ပတ်သက်လာလျှင် တပ်မတော်သားတို့သည် အရိုးကြေကြေ အရေခန်းခန်း မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။ စစ်သည်တော်တိုင်း တစ်ဦးချင်းအနေဖြင့် ပြုကျင့်ရမည့်ကျင့်ဝတ်များတွင် “ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပါ” ဟူ၍သတ်မှတ်ပေးထားသည်။ ထို့ကြောင့် တပ်မတော်သားတို့၏ စိတ်တွင် ဒို့တာဝန်အရေးသုံးပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်လျက်ရှိကြသည်။

မြန်မာနိုင်ငံသည် အတိတ်သမိုင်းတွင် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ်လည်းကောင်း၊ ဖက်ဆစ် စနစ်၏လွှမ်းမိုးချုပ်ကိုင်မှု အောက်တွင်လည်းကောင်း တည်ရှိခဲ့ဖူးသည်။ မျိုးချစ်လူငယ်များသည် ငါတို့မြန်မာနိုင်ငံကို ငါတို့ပိုင်စိုးရမည်ဟူသော သခင်စိတ်ဓာတ်ဖြင့် တပ်မတော်တစ်ရပ်ကို လျှို့ဝှက်စွာ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းနိုင်ခဲ့ကြသည်။ တပ်မတော်ကိုစတင်ဖွဲ့စည်းသည့်အခါ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မည်ဟူသော မွန်မြတ်သည့် စိတ်ဓာတ်ဖြင့် လူငယ်လူရွယ်များမှာ တပ်မတော်သို့ သူ့ထက်ငါ အလုအယက်ဝင်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးကြိုးပမ်းမှုစိတ်ဓာတ်သည် လွန်စွာမြင့်မားခဲ့သည်။ တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်က အင်အား၂၀၀ ခန့်သာရှိခဲ့သော်လည်း နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်ထုတ်သည့်အခါတွင် တပ်မတော်၏အင်အားမှာ ငါးသောင်းခန့်မျှရှိခဲ့သည်။ ဤသည်မှာ ဗမာ့သတ္တိကို ကမ္ဘာကသိအောင် ပြသခဲ့ခြင်းလည်းဖြစ်သည်။

တပ်မတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ကို တော်လှန်ရေး ဆင်နွှဲပြီးသော်လည်း လွတ်လပ်ရေးမရရှိသေးပေ။ မြန်မာတို့အားကူညီမှုပြုခဲ့သော ဂျပန်တို့သည် မူလကပေးထားသော ကတိများကို ဖောက်ဖျက်ကာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် ပျက်ကွက်ခဲ့သည်။  ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် ဂျပန်တို့က မြန်မာတို့အား လွတ်လပ်ရေးပေးကြောင်း ကြေညာခဲ့သည်။ သို့သော် အမှန်တကယ် လွတ်လပ်ခြင်းမရှိခဲ့ပေ။ ဂျပန်တို့အနေဖြင့် အင်အားကြီးမားနေသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို  အင်အားများစွာလျှော့ချကာ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ အမည်ပြောင်းလဲခဲ့သည်။

တပ်မတော်၏အမည်ကို မည်သို့ပြောင်းလဲစေကာမူ တပ်မတော်အနေဖြင့် မပြောင်းလဲဘဲ အမြဲခိုင်မာစွာရပ်တည်နေသည်မှာ နိုင်ငံနှင့်ပြည်သူ အတွက်သာဖြစ်သည်။ ထို့ကြောင့် တပ်မတော်သည် ၁၉၄၅ ခုနှစ်မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကို တပ်မတော်နှင့်ပြည်သူ လက်တွဲကာ ဆင်နွှဲခဲ့ကြရပြန်သည်။ ထိုနေ့သည် မြန်မာ့သမိုင်းတွင်   တပ်နှင့်ပြည်သူတို့၏ စည်းလုံးညီညွတ်မှု အင်အားကိုအထင်အရှား ပြသနိုင်သည့်နေ့ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံး  လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတို့ တိုက်ပွဲဝင်ခဲ့ကြသည်။ ကြီးမားသော အောင်မြင်မှုရရှိခဲ့သည်။ သို့သော် မြန်မာနိုင်ငံကား လွတ်လပ်ရေးမရရှိသေးပေ။ နယ်ချဲ့အင်္ဂလိပ်တို့ ပြန်လည်ဝင်ရောက်လာသည်နှင့် ကြုံရပြန်သည်။

 မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာသည့် အင်္ဂလိပ်တို့သည် မြန်မာ့တပ်မတော်၏ စွမ်းအားကိုမြင်တွေ့ရသည့်အတွက် တပ်မတော်ကိုဖျက်သိမ်းရန်ပင် ကြံစည်ခဲ့သေးသည်။ တပ်မတော်နှင့် ပြည်သူတို့၏ သွေးစည်းညီညွတ်သော စွမ်းအားကြောင့်   အင်္ဂလိပ်တို့ အကြံအစည်ပျက်သွားခဲ့သည်။

ဤသည်ကား ဒို့တာဝန်အရေးသုံးပါးကို စတင်ဖွဲ့စည်းချိန်မှ ယနေ့ကာလထိတိုင် အမြဲဦးထိပ်ပန်ဆင်ခဲ့သော တပ်မတော်၏ကျေးဇူးတရားပင်ဖြစ်သည်။ ဆက်လက်၍လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့်  ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များအား  ကျရာအခန်းကဏ္ဍမှ   အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နေမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။