အခက်အခဲ အတားအဆီးများကို ညီညွတ်မှုစွမ်းအားဖြင့် ကျော်လွှား
အယ်ဒီတာ့အာဘော်
(၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ ရက်)
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီး ၁၈ ကြိမ်အနက် ၁၉၁၂ ခုနှစ် မေလ ၁၃ ရက်တွင် လှုပ်ခတ်ခဲ့သည့် မေမြို့ငလျင်သည် အပြင်းထန်ဆုံးဖြစ်ခဲ့သည်။ ယခုမတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့်ငလျင်သည် ဒုတိယအပြင်းထန်ဆုံးဖြစ်သည်။ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆောက်အအုံများ၊ လမ်းတံတားများ ပျက်စီးမှုရှိခဲ့သလို လူများထိခိုက် ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးမှုများပြားခဲ့သည်။ ထို့ကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားစဉ် “ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် စီးပွားရေးကဏ္ဍကိုလည်း တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ငွေကြေးတတ်နိုင်သူများ အနေဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း” ဖြင့်ထည့်သွင်း ပြောကြားခဲ့သည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ငွေ ၁၀၄ ဒသမ ၄၄ ဘီလီယံကျပ်၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံကျပ် စုစုပေါင်း ၁၁၆ ဒသမ ၈၄ ဘီလီယံကျပ်လက်ခံရရှိခဲ့သည်။ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ငလျင်ဘေးဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် စာနာထောက်ထားမှုအပြည့်ဖြင့် လာရောက်လှူဒါန်းမှု ပြုကြသည့် စေတနာရှင်၊အလှူရှင်များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအားလုံးကို နိုင်ငံတော်အကြီးအကဲက အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများတွင် ယခုထက်ပို၍ ပါဝင်ဆောင်ရွက်နိုင် ပါစေကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်ပါစေရန် ဆုတောင်းမေတ္တာ ပြုပါကြောင်းပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့် ငွေကျပ်ဘီလီယံ ၅၀၀ ကိုမတည်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုစတင် ဆောင်ရွက်နေပြီဖြစ်သည်။ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအတွက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအသီးသီး၌ ပြုလုပ်သော အလှူငွေများပေးအပ် လှူဒါန်းပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများက အလှူငွေများ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ငလျင်နှင့်ပတ်သက်၍ ၁၉၁၂ ခုနှစ် ခန့်မှစတင်၍ ငလျင်လှုပ်ခတ်ခဲ့သည့်သင်ခန်းစာများ များစွာ ရရှိခဲ့ပြီဖြစ်သည်။ အဆောက်အအုံများနှင့် ပတ်သက်၍လည်း ဖြစ်ပေါ်လာနိုင်မည့်ငလျင်ဒဏ်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အဆောက်အအုံများ ဆောက်လုပ်ဆောင်ရွက် ခဲ့သည်များရှိခြင်းကြောင့် ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးတွင် မလိုလားအပ်ဘဲ သေဆုံးခဲ့ရမှုများ၊ ဒဏ်ရာရရှိခဲ့ရမှုများနှင့် အပျောက်အဆုံးများရှိခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်းများ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပေသည်။ တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့ အပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာခြင်းကြောင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်တိုအတွင်း ဝိုင်းဝန်းဆောင်ရွက်နိုင်ခဲ့သည်။ အရေးကြုံလာသောအခါ မိတ်ဆွေကောင်းတို့၏ ကူညီဝိုင်းဝန်းဖေးမမှုများအတွက် ကျေးဇူးများစွာ တင်ရပါသည်။ အလားတူ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်တို့ အနေဖြင့်လည်း လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရေး ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သကဲ့သို့ အခြားနိုင်ငံများမှ အကြီးအကဲများကလည်း ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားကြောင်း သဝဏ်လွှာများပေးပို့ ဆက်သွယ်ခြင်းနှင့် အခြားလိုအပ်သည့် အကူအညီများကို ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းဖြောင့်တန်းမှု ရှိစေရေးကို ကြိုးပမ်း ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးနေစဉ် အတွင်းမှာပင် မမျှော်လင့်သော သဘာဝဘေး အန္တရာယ်များဖြစ်သည့် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်းမှ ယခုအခါပြင်းထန်သည့် ငလျင်လှုပ်ခတ်ခြင်းတို့ကို ကြုံတွေ့ရခြင်းဖြစ်သည်။ ထိုသို့အခက်အခဲ အတားအဆီးများကိုလည်း အစိုးရနှင့်အတူ ပြည်သူများ၏ ကာယစွမ်းအား၊ စေတနာစွမ်းအားများဖြင့် အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့သည်။ ဤအရေးကိစ္စများသည် နိုင်ငံတော်၏ အရေးကိစ္စများဖြစ်၍ အားလုံးကကူညီ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။