
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ပထမစ၍တွေ့သောနေ့၌ပင် ကျွန်ုပ်သည် ကိုသိန်းဖေအား မည်သည့်ကိစ္စမျိုး၌ ပြိုင်ဝံ့သည်၊ မည်သည့်ကိစ္စ၌ မပြိုင်ဝံ့၊ မပြိုင်ချင် စသည်ဖြင့် အကြမ်းအားဖြင့် ရှင်းလင်းပြလိုက်ရာ အကင်းပါးသောလူတစ်ယောက် ဖြစ်၍ သူ့နယ်ကိုယ့်နယ်ပိုင်းခြားပြီး ဗိုလ်လုပ်ကြရန် နားလည်သွားကြပါတော့သည်။ သို့ရာတွင် လူနှစ်ယောက်ပြိုင်၍ ဗိုလ်လုချင်သောအချက်မှာ မြင်းစီးအတတ်ပင်ဖြစ်လေသည်။
ကိုသိန်းဖေနှင့် လပ်ကီး
ကိုသိန်းဖေ၌ ပြိုင်ပွဲဝင်ဖူးသည့် ဒုန်းမြင်းနှစ်ကောင်ရှိ၏။ ရွှေလီမြစ်ရိုးရှိ မဘိန်းရွာတွင် နှစ်စဉ်ကျင်းပသော ဘုရားပွဲတစ်ပွဲ၌ မြင်းပွဲများထည့်လေ့ရှိရာ 'ဒုန်းပွဲ'၊ 'အသားကျပွဲ' ဟူ၍ နှစ်မျိုးစလုံးပါဝင်၏။ ယင်း ဘုရားပွဲသို့ ရွှေလီရိုးတစ်လျှောက်မှ မြင်းများ လာရောက်ကြ၍ ဒုန်းမြင်းအချင်းချင်း၊ အသားကျမြင်းအချင်းချင်း ခြေပြပြီး သဘောတူစပ်ဟပ်ကာ တစ်ကောင်ချင်းလောင်းကြေးနှင့်ပြိုင်ကြ၏။ ကိုသိန်းဖေ၏ ဒုန်းမြင်းနှစ်ကောင်မှာ ယင်းပွဲတွင် တစ်ကြိမ်၊ နှစ်ကြိမ်အနိုင်ရဖူး၍ သူကိုယ်တိုင်လည်း စီးခဲ့သည်။ လပ်ကီးနှင့်ချိန်းထားသည့် မြင်းအုန်းခွံရောင်မှာလည်း ထိုပွဲ၌ အသားကျနိုင်ထားဖူးသည့် မြင်းဖြစ်လေသည်။ ကျွန်ုပ်သည် ကိုသိန်းဖေအား လပ်ကီးအကြောင်းပြောပြ၍ အုန်းခွံရှင်က ချဲလင့်ချ်လုပ်ဖူးကြောင်း၊ ကျွန်ုပ်ကိုယ်တိုင်စီးလျှင် နှစ်လေးပေးမည်ဟုပြောကြောင်း ပြောပြ၏။ သို့ရာတွင် လပ်ကီးကို ကျွန်ုပ်ကိုယ်တိုင် လေ့ကျင့်ထား၍ အတော်အတန်အောင်မြင်သည် ထင်ကြောင်းကိုမူကား မပြောဘဲချန်ထား၏။ ကိုသိန်းဖေသည် တစ်ဖက်က ချဲလင့်ချ်လုပ်ထားသည်ဆိုသောကြောင့် စိတ်ဝင်စားလာသည်နှင့် လပ်ကီးကို သူစီးကြည့် ချင်သည်၊ အောင်မြင်လျှင် သူကိုယ်တိုင် ပြိုင်ပွဲဝင်သည်ဖြစ်စေ၊ ကျွန်ုပ်အား သင်ပြပေးသည်ဖြစ်စေ ကျွန်ုပ်သဘောကျသလို လုပ်ပါမည်ဟုပြော၏။ ကျွန်ုပ်သည် (ပြိုင်ဘက်ချင်းဟု သဘောထားသည့် မိတ်ဆွေ ဖြစ်သည့်အလျောက် ဝမ်းထဲ၌ ကျိတ်၍ ပြုံးကာ) တစ်ညနေတွင် ရွာပြင် မြင်းလမ်း၌ လပ်ကီးကို ကိုသိန်းဖေစီးစေ၏။ နှစ်ခေါက် သုံးခေါက် စီးကြည့်လိုက်လျှင်ပင် ကိုသိန်းဖေ လက်လျှော့လိုက်လေပြီ။ သို့ရာတွင် ကိုသိန်းဖေအတွက် ပြောရန်ရှိပေသည်မှာ မြစ်တစ်ဖက်က ကြေးစား ဂျော်ကီထက် မညံ့ပါပေ။ ဤတွင် ကျွန်ုပ်၌ အကြံတစ်ခုပေါ်လာသည်။
ကိုသိန်းဖေဝန်ခံခြင်း
ကိုသိန်းဖေ၏ ဒုန်းမြင်းနှစ်ကောင်အနက် တစ်ကောင်မှာ အသားကျလည်း ပြေးတတ်သည်။ သို့သော် လပ်ကီး၏ခြေကို မမီတတ်ချေ။ ကျွန်ုပ်သည် ၎င်းမြင်းကို (လောက်စာဟုခေါ်သည်။) ပြင်စေ၍ ကိုသိန်းဖေအား တက်ခိုင်းပြီးလျှင် ကျွန်ုပ်က လပ်ကီးပေါ်သို့တက်၏။ ထို့နောက် မြင်းလမ်းပေါ်တွင် တစ်ဖက်တစ်ကောင်စီ ယှဉ်စီးကြရာ ကျွန်ုပ်သည် လပ်ကီးကို ပိပိရိရိစီးနိုင်သည့်အပြင် လောက်စာကိုလည်း တော်တော်ဖြတ်ထားနိုင်၏။ ကိုသိန်းဖေ မျက်လုံးပြူးသွားလေပြီ။ သူ့အဖို့မှာ တစ်ကောင်တည်းကိုပင် ပိပိရိရိမစီးနိုင်ဘဲရှိပါလျက် ကျွန်ုပ်က နှစ်ကောင်ယှဉ်ပြီး မဖောက်အောင်စီးနိုင်သည်ဆိုခြင်းမှာ မယုံကြည်နိုင်အောင်ဖြစ်နေတော့၏။ ဤမျှနှင့်ပင် ကျွန်ုပ်သည် ပြိုင်ဘက်တစ်ယောက်ဟု သဘောထားသော ကိုသိန်းဖေအပေါ်၌ အတော်အသားယူနိုင်ခဲ့လေပြီ။ ဤတွင် ကိုသိန်းဖေက "ချောင်ချောင်ကလေးနဲ့ ဖြတ်ထားခဲ့နိုင်တဲ့ လောက်စာနဲ့တော့ ခင်ဗျားဟာ ဟန်နေပြီဗျို့၊ သို့ပေမဲ့ အုန်းခွံရဲ့ခြေက လောက်စာခြေလောက် မကဘူးဗျ၊ မြင်းဆိုတာ တစ်ကောင်နဲ့တစ်ကောင် ကပ်လိုက်ပြီး အကြိတ်အနယ်ပြေးရတော့မှ အထိန်းရခက်တာဗျ၊ ဘာပဲပြောပြော ခင်ဗျား ဒီလောက်စီးနိုင်တာကိုပဲ ကျွန်တော်ကျေနပ်လှပါပြီ။ သို့သော်လည်း အုန်းခွံနဲ့တော့ စိတ်မချရသေးဘူးဗျ"
အုန်းခွံခြေက ဘယ်လောက်ရှိသလဲဗျာ"
"ခင်ဗျား လပ်ကီးက အခုပြေးတဲ့အတိုင်း ပြေးလျှင်တော့ နိုင်နိုင်ပါတယ်၊ နို့ပေမဲ့ လောက်စာကို ဖြတ်ထားခဲ့သလိုတော့ မဖြတ်နိုင်ပေဘူး၊ ဟိုက ကပ်လိုက်ပြီဆိုတော့ ခင်ဗျားကောင်က ဖောက်မှာစိုးရတယ်"
"ကျုပ်ကောင်က ဒီဟာ ခြေကုန်မဟုတ်သေးပါဘူး"
"ဟုတ်ပါ့မလားဗျာ"
"လာလိုက်ခဲ့၊ ကျုပ်ပြမယ်"
ကျွန်ုပ်သည် ကိုသိန်းဖေကို တောလမ်းသို့ခေါ်သွား၍ လမ်းခရီး၌ ကျွန်ုပ်က ဤရွာလမ်းတွင် ခြေကုန်စီးပြလိုက်ပါက အုန်းခွံရှင်သိသွားလျှင် ကြေးတွန့်သွားမည်ကို စိုးရိမ်ရကြောင်း ပြောပြရာ ကိုသိန်းဖေလည်း သဘောတူလေသည်။ လမ်းဖြောင့်သော တစ်နေရာသို့ ရောက်ကြ သောအခါ ကျွန်ုပ်သည် လပ်ကီးကို တစ်ခေါက်စီးပြလိုက်ရာ ဇက်သတ်လိုက်သောအခါတွင် ကိုသိန်းဖေချဉ်းကပ်၍ ကျွန်ုပ်၏လက်ကို ဆွဲလှုပ်ရင်း "အသားကျတော့ ခင်ဗျား ကျုပ်ထက်သာပေတယ်ဗျာ" ဟု လှိုက်လှဲစွာ ဝန်ခံပေသည်။ (ကျွန်ုပ်အဖို့ အောင်ပွဲတစ်ခုပေတည်း။)
ဆက်လက်ဖော်ပြပါမည်။