နိုင်ငံနှင့်ပြည်သူအကျိုး ထာဝစဉ်သယ်ပိုးနေသည့်တပ်မတော်

နိုင်ငံနှင့်ပြည်သူအကျိုး ထာဝစဉ်သယ်ပိုးနေသည့်တပ်မတော်

အယ်ဒီတာ့အာဘော်

(၂ဝ၂၅  ခုနှစ်၊ မတ် ၂၉  ရက်)

နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကား အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်သည်။ ညီညာသော ခြေလှမ်း၊ တက်ကြွသောအားမာန်၊ ပြည်သူတို့၏တစ်ခဲနက်အားပေးကြိုဆိုမှုမြင်ကွင်းများမှာ နှစ်စဉ်တွေ့မြင်နေရသည့်မြင်ကွင်းများဖြစ်သည်။ တပ်မတော်သားတို့အားမာန်သည် နိုင်ငံတော်ကို ပြည်တွင်းရန်၊ ပြည်ပရန်မှကာကွယ်ပေးရန် သန္နိဋ္ဌာန်များဖြစ်သည်။ “တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဟူသောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ပြဋ္ဌာန်းထားချက်နှင့်အညီ တပ်မတော်သည်နိုင်ငံအတွက် အစဉ်အမြဲ ခေတ်အဆက်ဆက် အင်အားတောင့်တင်းခိုင်မာနေရမည်ဖြစ်သည်။

တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်နှင့်အတူပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတွင် အရေးကိစ္စကြီးမားစွာပေါ်ပေါက်လာတိုင်း ရှေ့ကမားမားမတ်မတ်ရပ်တည်ခဲ့ရသည်။ ထိုသို့ရပ်တည်နိုင်ရန်အတွက် တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသောစွမ်းရည်သုံးရပ်နှင့်ပြည့်စုံအောင် အမြဲထာဝစဉ်ဖြည့်ဆည်းထားရသည်။ တပ်မတော်တစ်ရပ်လုံးကိုစွမ်းရည်သုံးရပ်ပြည့်ဝအောင် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရင်း ဖြည့်ဆည်းကြရသည်။ ထို့အတူတပ်မတော်သားတစ်ဦးချင်းအနေဖြင့်လည်း စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသောကိုယ်စီအရည်အချင်းငါးပါးနှင့်ပြည့်စုံကြရသည်။

တပ်မတော်သားတို့ကျင့်ကြံအားထုတ်သမျှသည် နိုင်ငံတော်နှင့်ပြည်သူများအတွက်သာဖြစ်သည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသောစိတ်ဓာတ်ဖြင့် တပ်မတော်သားတို့သည် လေ့ကျင့် ရေးသင်တန်းပြီးမြောက်၍ တပ်မတော်သားအဖြစ်သို့ရောက်ရှိသည်မှစ၍ ခိုင်မာသောစိတ်ဓာတ်ကိုမွေးမြူ ထားကြရသည်။  နိုင်ငံတော်အနေဖြင့်  တပ်မတော်အား  ယုံကြည်စွာအပ်နှင်းထားသောတာဝန်များမှာ ကြီးမားကျယ်ပြန့်လှသည်။ ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်တပ်မတော်အားပေးအပ်ထားသည့်တာဝန်မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်  အဓိကတာဝန်ရှိသည်” ဟူ၍ဖြစ်သည်။

တပ်မတော်တွင်စည်းစနစ်လွန်စွာကောင်းမွန်သည့်အတွက်  ဖက်ဆစ်တော်လှန်ရေးဆင်နွှဲခဲ့သည့်၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှ ယနေ့တိုင် နှစ်ပေါင်း(၈၀)ကြာမြင့်သည်အထိ  နိုင်ငံတော်ကိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းဖြစ်သည်။ တပ်မတော်သားတို့သည် အချင်းချင်း၊ အထက်နှင့်အောက် အပြန်အလှန်ချစ်ခင်ရင်းနှီးစွာ ယုံကြည်မှုရှိနေသည့်အတွက်လည်း တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မြဲနေခြင်းဖြစ်သည်။ အထက်နှင့်အောက်လေးစားမှုသည် တပ်မတော်၏မှန်ကန်သောရပ်တည်ချက်ဖြစ်သည်။ထို့ကြောင့် တပ်မတော်တွင် အလေးပြုခြင်း၏ရည်ရွယ်ချက်ကို “ခင်မင်လေးစားစွာ နှုတ်ဆက်ခြင်း၊ အထက်အောက် ရိုသေလေးစားမှုကိုပြသခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်မှုကို သရုပ်ဖော်ခြင်း၊ စည်းကမ်းသေဝပ်မှုရှိခြင်း၊ တိုင်းပြည်အတွက် ဦးတည်ချက်ကိုအလေးပြုတိုင်းပြန်လည်သတိရခြင်း ”ဟူ၍ညွှန်းဆိုထားသည်။

စည်းလုံးညီညာအောင်ကြောင်းဖြာဆိုသည့်အတိုင်း (ကြည်း၊ ရေ၊ လေ) တပ်မတော်သားတို့၏စည်းလုံးညီညွတ်လျက်ရှိနေမှုကြောင့် နိုင်ငံတော်တွင် နိုင်ငံတော်ပြိုကွဲမည့်အခြေအနေနှင့်ကြုံလေတိုင်းတပ်မတော်ကတည့်မတ်မှန်ကန်စွာထိန်းကျောင်းပေးခဲ့ရသည်။ ပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးသည့်ကာလတွင် အာဏာရပါတီ၏အကွဲအပြဲကြောင့် တိုင်းပြည်မှာ   အခက်အခဲဖြစ်နေစဉ် တပ်မတော်ကကူညီပေးခဲ့ရသည်။  ရွေးကောက်ပွဲကို  လွတ်လပ်၍တရားမျှတစွာ ပြန်လည်ကျင်းပပေးပြီး  ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်ကိုလွှဲအပ်ပေးခဲ့ရသည်။ ထို့အတူ ဆိုရှယ်လစ်ဒီမိုကရေစီမှ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရန်အတွက် လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးခဲ့သည်။

လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီစနစ်၏အသက်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီအစိုးရအနေဖြင့် ထပ်မံ၍ နိုင်ငံတော်အာဏာကို ဥပဒေနှင့်မညီဘဲ အတင်းအဓမ္မရယူရန် သိသာစွာလုပ်ဆောင်လာခဲ့သောကြောင့် ဖြစ်ပေါ်လာသည့်အခြေအနေများအရ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်ကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အရပ်ဘက်နှင့်စစ်ဘက်မျှတစွာပါဝင်ဖွဲ့စည်းသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန် ကတည်းကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်သည်။ တပ်မတော်သည်  အစဉ်အလာကောင်း(၁၂)ရပ်နှင့် ရပ်တည်နေသည့်တပ်မတော်ဖြစ်သည်နှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ   ဆောင်ရွက်ပြီးစီးပါက  လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကူညီဆောင်ရွက်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် နိုင်ငံနှင့်ပြည်သူအကျိုး ထာဝစဉ်သယ်ပိုးနေသည့်တပ်မတော်ဖြစ်ပါကြောင်း။   ။