
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
လပ်ကီးနှင့် အုန်းခွံ
ကိုသိန်းဖေ ပြန်သွားသည့်နောက် ကျွန်ုပ်သည် လပ်ကီးကို ထုံးစံအတိုင်း ငါးရက်တစ်ပတ် စီးလှည့်ချမြဲတိုင်း ချသော်လည်း ခြေတိုးအောင် ကျင့်ဖို့မလို၊ သခင်နှင့်မြင်း ရင်းနှီးမှုမပျက်စေရုံလောက်မျှသာ လေ့ကျင့်ပေးတော့၏။ ဤအတောအတွင်း အုန်းခွံရှင်ထံသို့လည်း စကားဆက်မပြတ်စေရအောင် တို့၍တို့၍ ပေးထား၏။ မဘိန်းဘုရားပွဲမှာ တပေါင်းလတွင် ကျင်းပမည်ဖြစ်ရာ ယခုမှ တပို့တွဲလဖြစ်၍ တစ်လမျှ လိုပေသေးသည်။ တပို့တွဲလကုန်ခါနီးလောက်၌ ကမ်းနီရွာနှင့်ခြောက်မိုင်ခန့်ဝေးသည့် ကြက်တစ်ကောင်ရွာတွင် အလှူတစ်ခုရှိ၍ ကျွန်ုပ်အား ဖိတ်သဖြင့်မြင်းနှင့်သွားရ၏။ ကံအားလျော်စွာ ရွှေလီရိုးမှ အုန်းခွံသည် ကမ်းနီသို့ ခေတ္တရောက်လာသည်တွင် ကျွန်ုပ်၏ ကျောင်းသားတပည့်ဖြစ်သော ဘစောသည် ယင်းမြင်းကိုငှားစီးပြီး ကျွန်ုပ်နှင့်အတူ လိုက်လာ၏။ အလှူတွင် ကိုသိန်းဖေနှင့်လည်း ဆုံမိကြသည်။ ထိုညနေ အလှူအပြီးတွင် ဟိုရွာ သည်ရွာမှ မြင်းကောင်းများသည် ရွာလမ်းပေါ်၌ မြင်းသလားကြရာ ကျွန်ုပ်နှင့်ကိုသိန်းဖေတို့မှာ အကြံတစ်ခုရှိ၍ ဝမ်းသာနေကြ၏။ တခြားမြင်းများ ခေါက်တုံ့ခေါက်ပြန်သလားလျက်ရှိစဉ် တပည့်ဘစောသည် အုန်းခွံကိုစီးလျက်ဝင်၍ သလားလေရာ ကျွန်ုပ်က လပ်ကီးနှင့်နောက်မှလိုက်၍ စမ်းရာတွင် ချောင်ချောင်နှင့် နိုင်နိုင်သည်ဟု အကဲခတ်နိုင်လေပြီ။ ဘစောကား မြင်းစီးသမားမဟုတ်သည်မှန်၏။ သို့ရာတွင် လပ်ကီးသည် အုန်းခွံကို နောက်ကလိုက်ပြီး ရှေ့သို့ကျော်တက်သွားနိုင်သော 'ခြေ' ရှိသည်ဟု ကျွန်ုပ်ကောင်းကောင်းကြီးသိခဲ့ရလေပြီ။ (အလှူသို့ အသွားအပြန်ခရီးတွင် လမ်းကြမ်းလှသောကြောင့် ခြေမစမ်းခဲ့ချေ။) ကိုသိန်းဖေနှင့်ကျွန်ုပ်တို့မှာ သေချာပေါက်တွေ့ပြီဆိုကာ ကြည်နူးလျက်ရှိကြလေ၏။
မိတ်ဆွေသုံးယောက်
မဘိန်းဘုရားပွဲမှာ တပေါင်းလပြည့်လောက်တွင် ကျင်းပမည်ဖြစ်ရာ ၎င်းလဆန်းလောက်တွင် ကိုဝင့်မော် နှင့် ကိုသိန်းဖေတို့သည် ကမ်းနီရွာသို့ မြင်းများနှင့် ရောက်လာကြ၏။ ကိုသိန်းဖေ၌ သူ၏မြင်းနှစ်ကောင် ပါလာသည့်ပြင် ကိုဝင့်မော်၌လည်း မြင်းသားအမိနှစ်ကောင် ပါလာ၏။ ကိုဝင့်မော်သည် ထီးချိုင့်မြို့အုပ်ကြီး (မမလေး၏ခင်ပွန်း) ပြောင်းရွှေ့သွားရာတွင် မြင်းမသားအမိကို ဝယ်ယူထားလိုက်ပြီးလျှင် ကျွန်ုပ် ထံသို့ပို့ထားရန် ယူလာခဲ့ခြင်းဖြစ်လေသည်။ သူ၏မြင်းမကြီးမှာ အုန်းသင်ဟုခေါ်၍ တာပတ်ပွဲများတွင် သွင်းဖူးပြီး နိုင်ခဲ့ဖူးသော မြင်းမကြီးဖြစ်လေသည်။
ထိုညဉ့်၌ ကိုဝင့်မော်နှင့် ကိုသိန်းဖေတို့သည် ကျွန်ုပ်၏ ကျောင်း၌ တည်းခိုကြလေရာ အကောက်ဝန်ထောက်နှင့် အကောက်စာရေးဟူသည်မှာ ရာထူးအားဖြင့် အဆင့်အတန်း ကွာလှမ်းသော်လည်း ကိုဝင့်မော်၏ နဂိုဝါသနာအရ လက်ထောက်အမှုထမ်းများနှင့် အရောတဝင်နေတတ်သည့်အပြင် ကျွန်ုပ်အား နှစ်ယောက်စလုံးက ခင်မင်သော သူငယ်ချင်းတစ်ယောက်ဟူ၍ သဘောထားကြသည်နှင့်အားလုံး ဂုဏ်ရည်တူများသဖွယ် ပျော်ပျော်ပါးပါး စားစားသောက်သောက် ဆက်ဆံကြလေသည်။ (ထိုအပြုအမူမျိုးကြောင့်လည်း မြို့အုပ်ကတော် မမလေးက ကျွန်ုပ်ရှေ့တွင် ကိုဝင့်မော်အား ကြိမ်းမောင်းဖူးခြင်းဖြစ်၏။) သို့ရာတွင် ကိုသိန်းဖေမူကား အကင်းပါးသော လူရည်လည်တစ်ယောက်ဖြစ်၍ 'အရောဝင်လျှင် အရိုအသေတန်တတ်သည်'ဆိုသော မြန်မာစကားပုံအတိုင်း အပြစ်တင်လောက်စရာ အမှားမျိုးမပါရှိအောင် သတိထားတတ်သူဖြစ်လေသည်။ လူသုံးယောက် ဤတစ်ည စကားပြောလိုက်ကြရသည်မှာ သုံးနှစ်လောက်ပေါင်းသင်း ဆက်ဆံလိုက်ရသကဲ့သို့ ပိုမိုရင်းနှီးခြင်း ရှိသွားကြလေသည်။
တစ်ချိန်၌ ကျွန်ုပ်က လပ်ကီးနှင့် ရွှေလီမှ အုန်းခွံတို့ တစ်ဖက်နှင့်တစ်ဖက် ချိန်လျက်ရှိခြင်း အကြောင်း၊ ဟိုဘက်က ကျွန်ုပ်ကိုယ်တိုင်စီးလျှင် နှစ်လေးပေး မည်ဟု စကားသံပစ်နေကြောင်း၊ လပ်ကီးကို ကျွန်ုပ်လေ့ကျင့်ထားသဖြင့် နိုင်နင်းစွာစီးနိုင်ပြီဖြစ်ကြောင်း ပြောပြ၍ ကိုသိန်းဖေကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပြောပြလေရာ ကိုဝင့်မော်လည်း အလွန် စိတ်ဝင်စား၍ အားပေးလေသည်။ ကိုဝင့်မော်တစ် ယောက် ချစ်စရာကောင်းလိုက်ပုံမှာ ငွေကိုနိုင်လို သောကြောင့် မဟုတ်။ သူ၏သူငယ်ချင်းတစ်ယောက် နာမည်တစ်လုံးရမည့်အရေးအတွက် ဝမ်းသာသော ကြောင့်အားပေးအားမြှောက်ပြုခြင်းဖြစ်လေသည်။
မခံချင်သော သတ္တိပြမှု
နောက်တစ်နေ့ညနေ၌ ကျွန်ုပ်တို့သည် မြင်းများကို ခြေစမ်းကြည့်ရန် ရွာပြင်မြင်းလမ်းသို့ ထုတ်ကြ၏။ ခြေစမ်းလိုခြင်းမှာ ကိုသိန်းဖေ၏လောက်စာနှင့် ကိုဝင့်မော်၏ ဖောင်းဝတ်မကြီး အုန်းသင်တို့ ဖြစ်လေ သည်။ ကိုဝင့်မော်က သူ၏မြင်းမကြီးကို ကိုသိန်းဖေ ၏နာမည်ကြီးသောလောက်စာနှင့် ယှဉ်ကြည့်လို၍ ကိုသိန်းဖေကလည်း သူ၏လောက်စာကို တာပတ် ပွဲများနိုင်ဖူးသည့် အုန်းသင်နှင့် ခြေစမ်းချင်လှသည်။ လောက်စာကို ကိုသိန်းဖေစီးမည်ဖြစ်ရာ အုန်းသင်ကို မည်သူအားတင်ရမည်မသိ ဖြစ်နေ၏။ ရွာသားများ အနက်မှ ဒုန်းမြင်းစီးဖူးသူမရှိ၊ ကျွန်ုပ်မှာလည်း အသားကျလောက်သာ စီးဖူးသူဖြစ်၍ ရှောင်တောင်တောင်လုပ်နေ၏။ ဤတွင် ကိုဝင့်မော်က "ဘယ့်နှယ်လဲဗျ ကိုဖေသိန်း၊ ခင်ဗျားက တောက်တက် တောက်တက်ပြေးရတဲ့အသားကျလောက်သာ စီးဝံ့တာလား၊ ဒုန်းပြေးတော့ ခင်ဗျားကြောက်သလား"ဟု မေးလိုက်ရာ ကျွန်ုပ်သည် လုံချည်ကိုချွတ်ချ၍ လိုလို မည်မည်ခံဝတ်ခဲ့သော ဘောင်းဘီတိုကိုပြင်ပါတော့သည်။ ယခင်က တစ်ကြိမ် ဆင်ဦးကင်းပေါ်၌ လက်လွှတ်စီးဖို့ပြောစဉ်က ဖော်ပြခဲ့ဖူးသည့်အတိုင်း ကျွန်ုပ်သည် တခြားမည်သူမြှောက်ပေး၍မျှ လုပ်မည်မဟုတ်သော်လည်း ကိုဝင့်မော်တစ်ယောက် အပေါ်၌ကား သတ္တိနှင့်ပတ်သက်၍ ကြွေးဟောင်းဆပ်ဖို့ရှိ၏။ ဤအထဲတွင် ကိုသိန်းဖေရှိနေသောကြောင့်လည်း သာ၍ သတ္တိပြချင်သေး၏။ သို့ဖြစ်၍ ကျွန်ုပ်သည် မြင်းမကြီးပေါ်သို့လွှားတက်၍ မြင်းလမ်းပေါ်တွင် ကိုသိန်းဖေနှင့်အတူ တာစူပါလေတော့သည်။
လောက်စာနှင့် အုန်းသင်
မြင်းစီးသမားတို့မည်သည်မှာ မြင်းစိမ်းကို ချက်ချင်း တစ်ခါတည်း စီးရိုးထုံးစံမရှိ၊ စီးရမည့်မြင်း အကြောင်းကိုသိရအောင် အနည်းဆုံးတစ်ခေါက် တလေဖြစ်စေ စီးကြည့်ရစမြဲဖြစ်၏။ ကျွန်ုပ်ကား အုန်းသင်အကြောင်းကို ဘာမျှမသိ၊ ချက်ချင်းတက် ပြီး တာစူမိလိုက်လေပြီ။ ကျွန်ုပ်သည် မည်သည့်မြင်းပေါ်၌ဖြစ်စေ ဖင်ငြိမ်သောကြောင့် လိမ့်ကျမည်ကိုကားမကြောက်။ မတော်တဆယူပြေးမည်ကိုသာ စိုးရိမ်မိသည်။ သို့သော် မြင်းမကြီးမှာ အသက်အတန် ရင့်ပြီဖြစ်၍ ထိုလောက် မမြူးတန်ရာဟု အကဲခတ်ရသည်။ မြင်းလမ်းပေါ်၌ ဟိုဘက်သည်ဘက်ယှဉ်ကာ ကိုသိန်းဖေနှင့် ကျွန်ုပ်တို့ရပ်လျက်ရှိစဉ် တစ်ယောက်ယောက်က ရှေ့မှလက်ကိုင်ပဝါပြလိုက်သဖြင့် ကျွန်ုပ်သည် အုန်းသင်ကိုလွှတ်လိုက်၏။ ကိုသိန်းဖေမူကား လောက်စာကို ရုတ်တရက်မလွှတ်ဘဲ ကျွန်ုပ်က လှည့်ကြည့်လိုက်ခါမှ လိုက်လာ၏။ ကျွန်ုပ်မှာ လေ့ကျင့်ပြီးသော ဒုန်းမြင်းကို တစ်ခါမျှမစီးဖူးသောကြောင့် ပထမ၌ အလိုက်ခက်မည် ထင်မိသော်လည်း ထိုကဲ့သို့မဟုတ်ဘဲ ပုခက်လွှဲသကဲ့သို့ ငြိမ့်ခနဲ ငြိမ့်ခနဲရှိအောင် အလွန် ညင်သာစွာ ပြေးတတ်သော မြင်းမကြီးဖြစ်သည်နှင့် ဇိမ်နှင့်လိုက်ကာ ကိုသိန်းဖေကို လှည့်ကြည့်လိုက်၏။ ကိုသိန်းဖေမူကား လောက်စာ၏ကျောပေါ်တွင် ကုန်းလျက်အော်၍ လိုက်လာ၏။ လောက်စာသည် တစ်ခဏထက် တစ်ခဏနီး၍နီး၍ ကပ်လာ၏။ သို့ရာတွင် ပန်းတိုင်မှာ ပေတစ်ရာခန့်လောက်သာ ကွာလေတော့ရကား လောက်စာ၏ဦးခေါင်းသည် အုန်းသင်၏အမြီးနားသို့ မရောက်မီ ကျွန်ုပ် ပန်းဝင်သွားလေပြီ။
မြင်းမကြီး ဇက်သေလိုက်ပုံမှာ ပန်းတိုင်ကိုလွန်၍ ဇက်သတ်တော့မည်ဟု ကျွန်ုပ်က စိတ်ကူးလိုက်ရုံရှိသေး မြင်းမကြီးသည် ခြေလေးဖက်စလုံးကို ရှေ့သို့ ပစ်ကာ တောင့်ထားလိုက်သဖြင့် လျှောခနဲဖြစ်၍ ချက်ချင်းလိုပင် ရပ်သွားလေရာ အကြောင်းကိုမသိ၍ ဟန်ပြင်မထားနှင့်မိသော ကျွန်ုပ်မှာ ကံကောင်း၍ မြင်းလည်ပင်းပေါ်မှ ကျွမ်းပြန်ပြီး ရှေ့သို့ထိုးမကျဘဲ ရှိပါတော့သည်။
ဆက်လက်ဖော်ပြပါမည်။