တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

ယမန်နေ့မှအဆက်

နှစ်ကောင်စလုံး ဇက်သတ်ပြီး၍ ပြန်လှည့်လာကြ သောအခါ

"ဘာကြောင့်  ချန်နေရစ်တာလဲဗျ  ကိုသိန်းဖေ၊ ပဝါဖြူပြတာမမြင်လို့လား"

"မြင်ပါတယ်ဗျာ၊ ကျုပ် အတွက်မှားလို့ပါ"

"ဘယ်လိုမှားတာလဲဗျ"

"ကျုပ်က  မြင်းမကြီးဟာ  အကျင့်လည်းမရှိဘူး၊ အိုလည်းအိုပြီဆိုပြီး အထင်သေးမိတယ်၊ ဒါကြောင့် ကြည့်လို့ကောင်းအောင် ခင်ဗျားကို ရှေ့ကလွှတ်ပြီး ကျုပ်က မီအောင်လိုက်ပြဖို့ စိတ်ကူးတာပဲ။ ခုတော့ အုန်းသင်က အတော်ပြေးနိုင်သေးတာကိုးဗျ၊ လိုက်လို့ ကိုမမီတော့ဘူး"

တာစူသောနေရာသို့ ပြန်ရောက်ကြ၍ ကိုဝင့်မော် နှင့်တွေ့ကြသောအခါ ကိုသိန်းဖေက သူ၏အမှားကို ရှင်းပြရာတွင် ကိုဝင့်မော်က

"ခင်ဗျား ခွကျတဲ့လူပဲဗျာ၊ ကျုပ်က ခြေကုန်အောင် ကြည့်ချင်တာ  မကြည့်လိုက်ရဘူး၊  ဒီလိုဆို  တစ် ခေါက်ထပ်စီးပြဦးဗျာ"

"လောက်စာကတော့ ပြေးနိုင်ပါသေးတယ်၊ နို့ပေမဲ့ အုန်းသင်က ကြီးရှာပါပြီ ဝန်ထောက်မင်း"

"ဒီလိုဆို လပ်ကီးနဲ့ စီးကြစမ်းဗျာ"

ဤတွင် ကျွန်ုပ်က ကန့်ကွက်သောအခါ ကိုဝင့်မော် က

"ဘာဖြစ်သလဲဗျ၊ တစ်ခါတလေ ဒုန်းစီးတာနဲ့တော့ပျက်စီးမသွားနိုင်ပါဘူးဗျ"

"ဘယ့်နှယ်လဲ ကိုသိန်းဖေ"

"ဟိုကိစ္စကလည်းရှိသေးတယ် ဝန်ထောက်မင်း" ဟု ကူ၍ပြောသော်လည်း "အောင်မယ် ဘာဖြစ်တတ် သလဲဗျ၊ရက်အဝေးကြီးလိုသေးတာပဲ"

ကျွန်ုပ်သည် ကိုဝင့်မော်အကြောင်းကို သိပြီးဖြစ်၍ စိတ်ဆိုးမခံချင်သည်နှင့် ကျောင်းသားတစ်ယောက် အား လပ်ကီးကိုယူခဲ့စေ၏။ ရောက်လာသောအခါ အုန်းသင်၌တပ်ဆင်ထားသည့်  သားရေကုန်းနှီးကို ဖြုတ်၍ လပ်ကီးသို့ပြောင်းဆင်ပေး၏။ အုန်းသင်၏ သားရေကုန်းနှီးမှာ ဇက်ရောကုန်းပါ အသစ်ဖြစ်လေ သည်။

သေလောက်သောမြင်းပွဲ

ဤတစ်ချီတွင် ကျွန်ုပ်ကလပ်ကီးကိုစီး၍ ကိုသိန်းဖေက သူ၏လောက်စာနှင့်  တာစူကြပြန်လေသည်။ ကျွန်ုပ်သည်  အုန်းသင်ကိုစီးရစဉ်က  မစမ်းဖူးသော မြင်းစိမ်းလည်းဖြစ်သည်။ ပထမဦးဆုံး ဒုန်းစီးရခြင်း လည်းဖြစ်သည်ဆိုကာ တော်တော်တုန်လှုပ်မိပါသည်။ ကိုဝင့်မော်ကို မခံချင်၍သာစီးရသည်။ ငွေ ၅ဝ ကျပ် လောက်ရဖို့အတွက်မျှဆိုလျှင် စီးမိလိမ့်မည်မထင် ပါ။ လပ်ကီးကိုစီးဖို့မူကား ဒုတိယဒုန်းပွဲဖြစ်လာသည့် ပြင်  ကိုယ့်မြင်းကို  ကိုယ်စီးရခြင်းဖြစ်သည်ဆိုကာ (ခြေပျက်သွားမည်စိုးခြင်းမှတစ်ပါး၊) စိုးရိမ်တုန်လှုပ် ခြင်း  အလျဉ်းမရှိခဲ့ချေ။  ဤကား  ကျွန်ုပ်၏အမှား တစ်ခုပေတည်း။

လက်ကိုင်ပဝါ    ပြလိုက်သည်နှင့်တစ်ပြိုင်နက် ကိုသိန်းဖေသည် ဒုန်းမသင်ရဖူးသည့် လပ်ကီးအား လည်း အသက်ကြီးသော အုန်းသင်နည်းတူပင် အထင် မကြီးစေကာမူ    သူ၏လောက်စာမှာ   တစ်ခေါက် ပြေးပြီးပြီဖြစ်၍ နောက်ချန်မနေရစ်တော့ဘဲ လပ်ကီး နှင့် အတူတူပင်လွှတ်လေ၏။ သို့သော် စိတ်ထဲကမူ ခပ်ပေါ့ပေါ့သဘောထားသည်ဆို၏။ လပ်ကီးသည် ပထမ၌ ဒုန်းပြေးရမည်မထင်သောကြောင့် ခြေအမ်း တမ်းတမ်းဖြစ်နေသေး၏။ သို့ရာတွင် ရှေ့သို့တက် ပြေးသော လောက်စာကိုမြင်၍ ကျွန်ုပ်ကလည်း ဇက် ကို တွန်းပေးလိုက်ရာတွင် သူပြေးချင်တိုင်း ပြေးခွင့်ရသဖြင့်  စိတ်တိုင်းကျတွေ့ရသည့်လက္ခဏာနှင့် အားကုန်ညှစ်ထုတ်ပြီး ပြေးလေတော့သည်။ ကိုသိန်းဖေသည်  ခပ်အေးအေးလုပ်နေရာမှ   လောက်စာကို မီလာသော လပ်ကီးကိုမြင်ရ၍ အံ့အားသင့်ပြီး နှင်၍ စီးလေ၏။

ဆက်လက်ဖော်ပြပါမည်။