တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

 

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

ယမန်နေ့မှအဆက်

ထိုအခါ မြင်းနှစ်စီးတို့သည် ရင်ပေါင်တန်း ပြေးလျက်ရှိရာ ဒုန်းပြေးနေကျဖြစ်သော လောက်စာသည် လပ်ကီးထက် အလျား တိုသော်လည်း      တစ်ခုန်တစ်ခုန်တွင် လပ်ကီးထက် အလှမ်းကျယ်၏။ လပ်ကီးမှာမူ  ဒုန်းသင်ထားခြင်းမရှိသောကြောင့် ကားနေအောင်   မခုန်တတ်သော်လည်း     အလွန်ခြေသွက်အောင် ပြေးရှာ၏။ သို့ဖြစ် ၍  လောက်စာက  သုံးခုန်မျှနှင့်ရောက် သောခရီးတာကို လပ်ကီးက လေးခုန်ခုန်ကာ မီအောင်လိုက်ရ၏။

ဤတွင် တစ်ကောင်ကား ခြေကျဲကျဲ၊ တစ်ကောင်ကား ခြေသွက်သွက်ဖြင့် ကိုယ့် နည်းနှင့်ကိုယ်တတ်သလို   ပြေးလျက်ရှိ ကြရာ ဦးခေါင်းချင်းညီလျက်ရှိ၍ ပရိသတ် အဖို့  အလွန်ကြည့်၍ ကောင်းကြသည်ဆို ၏။ ထိုအချိန်တွင် တစ်ရွာလုံးကပင် မြင်း လမ်းသို့ထွက်၍ ကြည့်နေကြလေပြီ။ ဒုန်း ပြေးတတ်သောလောက်စာနှင့် ဒုန်းမသင် ဖူးသည့်လပ်ကီးတို့   ထိုကဲ့သို့  ခြေပြိုင်လျက်ရှိကြခြင်းမှာ  လပ်ကီးသည်  လတ် လတ်ဆတ်ဆတ်ဖြစ်၍ လောက်စာမူကား အုန်းသင်နှင့်  တစ်ပွဲပြေးထားရုံသာမက (ကိုသိန်းဖေက  တမင်ပေါ့တော့တော့စီးမှုကြောင့်) အားသွန်ပြီး မီအောင်လိုက်ရှာရသဖြင့်  ပန်းလှသောကြောင့်  ဖြစ်ပေလိမ့်မည်။   လောက်စာ၏ကျောပေါ်မှလိုက်သော  ကိုသိန်းဖေကမူ  ဤအကြောင်းကို သိသော်လည်း ဒုန်းမြင်းအဖြစ်နှင့် နာမည် ကြီးလျက်ရှိသော    သူ၏လောက်စာကို ခြေရိုင်းသက်သက်ဖြစ်သော လပ်ကီးက ရင်ပေါင်တန်းလိုက်လျက်ရှိခြင်းကြောင့် ပွဲကြည့်ပရိသတ် အပေါ်၌ ရှက်သည်နှင့် လောက်စာကို  ခြေကုန်အောင်နှင်၍  စီးလေ၏။

နှင်ပုံကား လောက်စာ၏လည်ပင်းပေါ်မှ  ရှေ့သို့ကုန်းကာ မြင်း၏နားရွက်အနီးသို့ ကပ်လျက်   အသံကုန်ငေါက်အော်လိုက်လေ၏။  ဤတွင်အစွမ်းကုန်ပြေးလျက်ရှိ သောလောက်စာသည်  သူ့သခင်၏ အသံကို လန့်သည်နှင့် နင်းကန်ပြေးလိုက်ရကား လပ်ကီး၏ရှေ့သို့ လည်တစ်ကိုင်းမျှ တက် သွားလေ၏။ ထိုအခါ ကျွန်ုပ်သည်လည်း သူ့နည်းကိုယူ၍ လပ်ကီး၏လည်ပင်းပေါ်မှ ရှေ့သို့ကိုင်းညွတ်ကာ နားရွက်သို့ ပါးစပ် နှင့်ကပ်လျက် "ကြိတ်လိုက်စမ်းကွ ငါ့သား ကြီး လပ်ကီး"  ဟု   သံကုန်ဟစ်၍  အော် လိုက်လေ၏။  လပ်ကီးသည်  တစ်ကိုယ်လုံးတုန်သွားသည်ဟု ကျွန်ုပ်ထင်လိုက်မိသည်။ နောက်တစ်ခဏ၌ သူ၏ကိုယ်တွင် ရှိသမျှသောခွန်အားကို   တစ်ရွေးသား မကျန်အောင်ညှစ်ထုတ်ကာ    ခုန်၍ထိုး လိုက်ရာ     သုံးခုန်လောက်အတွင်းတွင် လောက်စာနှင့်  ဦးခေါင်းချင်းညီလျက်ရှိပြန်လေတော့၏။ ဤတွင် ကိုသိန်းဖေက လည်းအော်၊  ကျွန်ုပ်ကလည်း   "လပ်ကီးကွ၊ သားကြီးကွ"  စသည်ဖြင့်   အဆက် မပြတ်  မရပ်မနားကုန်း၍ ကုန်း၍  အော်လေရာ    လပ်ကီး၏ခြေထောက်များမှာ (ပို၍ကျယ်စွာ မလှမ်းတတ်ရှာသော်လည်း) ခြေနုတ်သွက်လိုက်ပုံမှာ    မြေကြီးပေါ်၌ ချ၍နားတော့သည်ပင် မထင် ရတော့ဘဲ တစ်ဝဲတည်း ဝဲနေသည့်အပြင် ခွာသံများမှာလည်း အပ်ချုပ်စက်သံကဲ့သို့ အကြား မလပ်သလောက်     တရစပ်မြည်လျက်ရှိ လေ၏။

လောက်စာသည်  သူ့သခင်  ကိုသိန်းဖေကို   ကြောက်ရှာခြင်းကား   ဟုတ်ပါလိမ့် မည်။ သို့ရာတွင် အထူးတလည်လေ့ကျင့် ထားသည့်လပ်ကီးက ကျွန်ုပ်ကို ကြောက်ရှာလိုက်ပုံမှာ မနှိုင်းယှဉ်နိုင်ချေ။ ပြေးလိုက် ပုံမှာ တကယ်ပင် ဝီခေါ်လျက်ရှိ၏။ လပ်ကီး၏အပြေးသည် ယခင်ကစီးခဲ့သည့်   အုန်း သင်၏အပြေးထက်    မြန်လှသည်ကားမထင်။   သို့ရာတွင်   အားစိုက်လိုက်ပုံမှာ ကား ထင်ရှားစွာသိနိုင်၏။

ကျွန်ုပ်သည်    လပ်ကီး၏ကျောပေါ်၌ ကုန်းလျက်လိုက်ပါစဉ်      သူ၏အားစိုက် လွန်းခြင်းကိုသိရ၍  ဟပ်ထိုးလဲသွားချေ မည်လောဟူ၍ပင် စိုးရိမ်မိ၏။ ငွေလောင်း တမ်းသက်သက်ပြိုင်ခြင်းဖြစ်ခဲ့လျှင်    ထို အချိန်တွင် ကျွန်ုပ်သည် လပ်ကီးကို မနှင် ဘဲထားလိုက်တော့မည်ဖြစ်၏။ ယခုမှာ (ငွေထက် အရေးကြီးသည့်) မိတ်ဆွေချင်း အတတ်ပြိုင်မှုဖြစ်လေရကား    (What Vanity) "ကြိတ်လိုက်စမ်း    သားကြီးရေ့၊ လပ်ကီးကွနော်၊ ကြိတ်လိုက်စမ်းကွ"ဟု ငြာသံပေး၍လိုက်လေ၏။ ကျွန်ုပ်၏ပါးစပ်မှ  ဖြည်းညင်းသောအသံမျိုးကိုသာ  ကြားနေကျဖြစ်သော   လပ်ကီးမှာ  သူ၏နားသို့ ကပ်၍  ကျွန်ုပ်၏အော်သံကိုကြားရခြင်းကြောင့်   လန့်ပြီးရူးသွားလေသလောဟု နောင်တွင် ကျွန်ုပ်စဉ်းစားမိ၏။

လောက်စာလည်း    ခြေလှမ်းကျဲကြီးနှင့်  လိုက်ရှာပါ၏။  သို့ရာတွင်  မြေကြီး၌ ခြေမချဝံ့သကဲ့သို့ သွေးရူးသွေးတန်းပြေး လျက်ရှိသောလပ်ကီးကိုမူ       မမီနိုင်ရှာ တော့ဘဲ ကိုယ်တစ်ပိုင်းလောက်ပြတ်ပြီး   ပန်းဝင်သွားကြလေသည်။    ပန်းတိုင်သို့ ရောက်ကြသောအခါ လောက်စာမူကား ဖျတ်ဆို ရပ်နေရစ် ခဲ့လေပြီ။

ကျွန်ုပ်သည်  ကုန်းလျက်လိုက်ခဲ့ရာမှ မတ်မတ်ထိုင်လိုက်၍ လပ်ကီးကိုဇက်သတ် လိုက်သောအခါ    ဦးခေါင်းလှုပ်သွားရုံမှ တစ်ပါး  အနည်းငယ်မျှ အရှိန်မလျှော့ဘဲ ပြေးမြဲတိုင်း ပြေးလျက်ရှိ၏။  မြင်းလမ်း ဆုံးပြီးသည့်နောက် လမ်းသည် မြစ်ဘက်သို့  ချိုးကွေ့သွားလေရာ   လပ်ကီးသည် ယင်းလမ်းအတိုင်း ပြေးလျက်ရှိ၏။  ခက် ချေပြီ။    ကျွန်ုပ်ကား   တကယ်ကြောက် လာခဲ့လေပြီ။ ဤတွင် ကျွန်ုပ်သည် နင်း ကွင်းကို ခြေကန်လျက် ဇက်ကိုအားကုန် ဆွဲလိုက်၏။  ဦးခေါင်းသာ  အနည်းငယ် လှုပ်သွား၍ အရှိန်ကား လုံးဝမလျှော့ချေ။

မည်သို့ပြုရမည်နည်း။  ရှေ့သို့  မျှော်ကြည့်လိုက်သော် လမ်းသည် မြစ်ကမ်းပါးသို့ တည့်တည့်ကြီး ဦးတိုက်သွား၍  ထိုမှ တစ်ဖန်  လက်ယာဘက်သို့  ချိုးပြီးလျှင် ကမ်းပါးကိုမြှောင်ကာ   ဖောက်လုပ်ထား ခြင်းကိုမြင်ရ၏။ ယင်းလမ်းပေါ်၌ သစ်တိုက်သော ကျွဲလှည်းများ မောင်းနှင်လာတတ် ခြင်းကိုလည်း   သတိရ၍   ကျွဲလှည်းနှင့် ဝင်တိုက်ပြီး   ကျွဲဦးချိုပေါ်တွင်      ကျွန်ုပ် အူပေါက်ပြီး   တန်းလန်းကြီး ဖြစ်နေမည်ကိုလည်း  မျက်စိထဲ၌မြင်မိ၏။  ဤတွင် ကျွန်ုပ်အကြံတစ်ခုရလာသည်။ မြစ်ကမ်း ပါးသည် ထိုနေရာ၌ ရေတိုက်စားထားသည် ဖြစ်၍ ပေ ၇ဝ ခန့် မတ်စောက်လျက်ရှိရာ မြင်းသည်    ကမ်းပါးသို့ရောက်ခါနီးတွင် လက်ယာဘက်သို့  လမ်းအတိုင်းချိုးကွေ့ ပြေးရန်ဟန်ပြင်ခြင်းကို  ကျွန်ုပ်သိလိုက် သည်နှင့်တစ်ပြိုင်နက် လက်ဝဲဘက်ဇက် ကြိုးကိုဆွဲကာ    သူ၏ဦးခေါင်းကို    မြစ်ကမ်းပါးနှင့် တည့်တည့်ကြီး တိုက်ပေးထား လိုက်၏။ ကျွန်ုပ်၏အကြံကား ရပ်လျှင်ရပ်၊  မရပ်လျှင် မြစ်ထဲသို့ လူရောမြင်းပါ ထိုးကျ စေဟူသည်ပင်ဖြစ်သည်။

နိမိတ် ထင်လာခြင်းပေလော

(ဤနေရာ၌ ကျွန်ုပ်၏မျက်စိထဲတွင် ဖျတ်ခနဲပေါ်လာသည့် ကိုယ်တွေ့အခြင်း အရာတစ်ခုကို ဖော်ပြရပါဦးမည်။ ကျွန်ုပ်ငယ်စဉ်က မိခင်နှင့်အတူ မတ္တရာသို့ လှေဖြင့်သွားကြ၍ ရွာတစ်ရွာအနီးသို့ ရောက်သောအခါ    လူတစ်ယောက်သည်    ရွှေတချောင်းမြောင်းပေါင်တွင်     မြင်းစိုင်း လျက်ရှိသည်ကို မြင်ရ၏။     မြင်းသည် အသားကျပြေးရာမှ 'ယူ'သွား၍ ဒုန်းပြေး ပြီးလျှင်  တံတားတစ်ခုသို့  ရောက်သည် တွင် ချောင်းကို တံတားမှ ဖြတ်ကူးပြေး၏။ တံတားအလယ်သို့    ရောက်သောအခါ မြင်းသည်     မည်သို့မျှ     ဝမ်နင်မပေးဘဲ ခါးလောက်မြင့်သော   တံတားလက်ရန်းကို  ခုန်ကျော်ကာ  ချောင်းထဲသို့   ခုန်ချလိုက်သဖြင့် မြင်းရောလူပါ ထိုးကျသွားခြင်းကို မြင်ရဖူးလေသည်။ အတော်မိုက်သော မြင်းပေတကား။ တံတားအောက်၌  တခြားလှေလည်းမရှိ။ ကျွန်ုပ်တို့၏လှေ မှာလည်း   အတော်ကွာဝေး၍   တော်ပါသေး၏။   မြင်းရော   လူပါ  ဘာမျှမဖြစ်၊  တစ်ကွဲစီဖြစ်၍ ကုန်းပေါ်သို့ တက်သွားကြသည်။

သံချောင်းတို့ အဖေ

လပ်ကီးသည်  မြစ်ကမ်းပါးနှင့် မြင်း နှစ်ပြန်လောက်အကွာတွင်     ကျွန်ုပ်က တည့်တည့်ကြီး  ဦးတိုက် ပေးလိုက်သောအခါ     ကျွန်ုပ်၏စိတ်ထဲ၌    ရပ်မလား၊ ခုန်ချမလားဟူသော မေးခွန်းသည်  ပေါ် လျက်ရှိ၏။    လပ်ကီးသည်     အထက်ပါ မြင်းကဲ့သို့ မိုက်သည်မဟုတ်ချေ။ လက်ယာ ဘက်သို့ ချိုးပြေးဖို့ အခွင့်မရမှန်းကို သိသည် နှင့်တစ်ပြိုင်နက်    မြစ်ကမ်းပါးဇောက်မှ ထိုးကျမည့်အန္တရာယ်ကို အလွန်ကြောက်ရှာသည့်လက္ခဏာနှင့်     တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွား၍ မြင်းမကြီး အုန်းသင် လုပ်သည့်အတိုင်း     ခြေလေးချောင်းကို ရှေ့သို့ပစ်ကာ    မြေကြီးကို   အသေအလဲ ကန်ထားပြီး အောက်သို့  ဖင်ထိုင်ချလိုက် လေ၏။   နောက်တစ်ခဏ၌    ကျွန်ုပ်၏ ခြေထောက်များသည် မြေကြီးနှင့် ထိလျက် ရှိသည်ဖြစ်၍    ကျွန်ုပ်သည်   နင်းကွင်းမှ ခြေထောက်များကိုထုတ်ကာ  မြင်းပေါ်မှ ဆင်းပြီးဖြစ်နေတော့၏။

ဆက်လက်ဖော်ပြပါမည်။