
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
အခြေအနေကို ကျွန်ုပ်ကြည့်လိုက်သောအခါ မြစ်ကမ်းပါးဇောက်ကြီးထိပ်တွင် ကျွန်ုပ်သည် လပ်ကီး၏ဇက်ကြိုးကိုကိုင်ကာ မြစ်ဘက်သို့ မျက်နှာမူလျက် ရပ်နေလေတော့သည်။ လပ်ကီးကား တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လျက်ရှိရာ ကျွန်ုပ်မူကား အထူးသဖြင့် ရင်ထဲကတုန်လှသည်။ ထိုခဏ၌ ကိုသိန်းဖေသည် လောက်စာနှင့် ရောက်လာလေရာ ကျွန်ုပ်တို့၏ အခြေအနေကိုမြင်သဖြင့် မြင်းပေါ်မှဆင်း၍ ကျွန်ုပ်၏လက်ကို လှုပ်ယမ်းလေသည်။ (ကိုသိန်းဖေမှာ ခရစ်ယာန်တစ်ယောက်ဖြစ်၍ သူ၏အမူအရာများမှာ တစ်ခါတစ်ရံ ဗိုလ်ဆန်လှသည်။) ကျွန်ုပ်မူကား သူကချီးမြှောက်သည့် 'ကွန်ဂရက်ကျူလေးရှင်း'ကို ရင်တုန်လျက်ပင် လက်ခံလိုက်ရ၏။
"ကံကောင်းလို့ပါလားဗျာ၊ ခင်ဗျား"
"မပြောနဲ့တော့ ဆရာရေ၊ ခုတောင် ရင်ခုန်တုန်း ရှိသေးတယ်ဗျို့၊ ဒါထက် ကိုသိန်းဖေ ဟိုဒင်းပါသေးလားဗျို့"
"ဘရန်ဒီလား၊ ပါပါတယ်၊ ကျုပ်လည်း သတိရပါတယ်"
(ဤမျှလောက် အကင်းပါးသော မိတ်ဆွေတစ်ဦးကို ကျွန်ုပ်သည် အဘယ်မှာ မခင်မင်ဘဲ နေနိုင်ပါမည်နည်း။)
ဤကား ကိုဝင့်မော်တည်း
ကျွန်ုပ်သည် တုန်လျက်ပင်ရှိရှာသေးသည့် လပ်ကီးအား ပွတ်သပ်ချော့မော့ကာဖြင့် ဖြည်းညင်းစွာ စကားပြောပြီးမှ တက်စီး၍ ကိုဝင့်မော်ထံသို့ တဖြည်းဖြည်းလာခဲ့ကြလေ၏။ အိမ်သို့ရောက်လျှင် ရောက်ချင်း အလိုက်သိသော ကိုသိန်းဖေသည် ဘရန်ဒီတစ်ခွက်ကို ငှဲ့၍ ရေမရောဘဲ ကျွန်ုပ်အားပေးသဖြင့် မော့ချလိုက်ပြီးမှ ကျွန်ုပ်ဖြောင့်တန်းစွာ စကားပြောနိုင်ပါတော့သည်။
တကယ်သတ္တိကောင်းသောလူများသည် ဤသို့သောအတွေ့အကြုံမျိုးတွင်ဘယ်ကဲ့သို့ရှိကြမည်မဆိုနိုင်။ တကယ့်သတ္တိမဟုတ်ဘဲ စွန့်ပြီးရဲရသော ကျွန်ုပ်အဖို့မှာ အဖြစ်အပျက်ကို ပြန်တွေးမိတိုင်း အူတုန်သည်းတုန် ရှိလှပါတော့သည်။ သို့သော် လုပ်မိတာမှားလေခြင်းဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သောဝါသနာမရှိ။ မသေမပျောက် (အနည်းဆုံး မကျိုးမပဲ့) လွတ်မြောက်လာခဲ့ရပြီဖြစ်သောကြောင့် ကြုံတွေ့ခဲ့ရသမျှသည် အမြတ်ဟူ၍ သဘောပိုက်နိုင်ပါသည်။ ကျွန်ုပ်က အစအဆုံး အသေးစိတ်ပြန်ပြော၍ မြစ်ကမ်းပါးဇောက်အနီး၌ ကျွန်ုပ်၏ ဘေးအန္တရာယ် အကြောင်းကို ကြားရသည်တွင် ကိုဝင့်မော်သည် တစ်ဆိတ်ကလေးမျှသာ မျက်နှာထားပြောင်းသွားလိုက်ပြီးနောက် "ဟား ဟား ဟား ဟား"နှင့် ဝမ်းသာ လှသည့်နှယ် ရယ်မောလေ၏။ ကိုသိန်းဖေနှင့် ကျွန်ုပ်တို့မူကား တစ်ယောက်၏မျက်နှာကို တစ်ယောက်ကြည့်ကာ"ဤကား ကိုဝင့်မော်ပေတည်း"ဟု စိတ်ထဲက မှတ်ချက်ချမိကြလေ၏။ ထို့နောက် ကိုသိန်းဖေနှင့် ကျွန်ုပ်မှာ လောက်စာနှင့် လပ်ကီးကိုစီးကြသည့် မြင်းပွဲအကြောင်းကို အပြန်အလှန်ပြော၍ စကားမကုန်နိုင်အောင် ရှိပါတော့သည်။ ကိုသိန်းဖေက သူစီးခဲ့ဖူးသမျှသော ဒုန်းပွဲများ အနက်တွင် စိတ်အဝင်စားဆုံးဖြစ်ကြောင်း အားရပါးရဝန်ခံလေရာ ကျွန်ုပ်အဖို့မူကား ပြောဖွယ်ရာမရှိတော့ချေ။ ထိုခဏ၌ မြင်းများကို ကုန်းဖြုတ်ပြီးကြသော တပည့်များသည် လပ်ကီးတွင်တပ်ထားသည့် (ကိုဝင့်မော်၏) သားရေဇက်ကြိုးသစ်ကိုယူလာ၍ ကျွန်ုပ်တို့အားပြလေ၏။ သားရေဇက်ကြိုးအသစ်မှာ မြင်း၏ပါးစပ်အနီးရှိ နှစ်နေရာတွင် တခြားနေရာများမှာကဲ့သို့မဟုတ်တော့ဘဲ အရွယ်တစ်ဝက်ခန့်တိုင်အောင် သေးသိမ်လျက်ရှိခြင်းကို တွေ့ကြရလေ၏။ ကိုသိန်းဖေက-
"အောင်မလေး လူဟဲ့၊ ဆွဲလည်းဆွဲနိုင်ပါပေ့ဗျာ၊ ခင်ဗျားကို ကျုပ်က ဗလတော့ မပြိုင်ဝံ့ဘူးဗျို့၊ သားရေဇက်ကြိုးအသစ်ကြီးကို သိမ်ဝင်သွားတာပါပဲလား။ ဒါလောက်ဆွဲတာတောင် မရပ်ဘူးဆိုတော့ ခင်ဗျားကောင်က ဇက်ကို သွားနဲ့ကိုက်ပြီး 'ယူ'ပြေးတော့တာကိုးဗျ။ ခင်ဗျားကံကောင်းလို့ဗျို့၊ မြစ်ကမ်းပါးနဲ့မတွေ့လျှင် ဘယ်ထိအောင်ယူပြေးပြီး ခင်ဗျား ဘာနဲ့တိုက်ကျမယ်မသိဘူး"ဟု ပြောလေ၏။
ကျွန်ုပ် ပြန်၍တွေးလိုက်သောအခါ မြင်းလမ်းဆုံးပြီး လှည်းလမ်းပေါ်သို့အရောက်တွင် ကြောက်အားလန့်အားနှင့် နင်းကွင်းကို ခြေကန်ပြီး (နင်းကန်) ဆွဲလိုက်စဉ်က ဖြစ်ရပေမည်။ ကံကောင်း၍သာ မသေရသော်လည်း ကိုဝင့်မော်နှင့် ကိုသိန်းဖေတို့က ကျွန်ုပ်၏ ကာယဗလ(လက်မောင်းအား)ကို ချီးကျူးကြခြင်းသည် ဂုဏ်ယူစရာတစ်ခုဟု သဘောထားခဲ့မိ ပါသေးသည်။
လပ်ကီး ပျက်လေပြီ
ထိုည၌ ကျွန်ုပ်တို့သုံးယောက်သည် ညနေပိုင်းက မြင်းစီးခြင်းအကြောင်းကို ဆက်လက်၍ ပြောကြစဉ် ကိုသိန်းဖေသည် လပ်ကီး၏ခြေစွမ်းကို ချီးမွမ်းရင်း "နေစမ်းပါဦးဗျ၊ ခင်ဗျားက သူ့နားနားကပ်ပြီး ကုန်းအော်တာ ဘယ်ကရတဲ့နည်းလဲဗျ"
"ခင်ဗျားလုပ်တာ မြင်လို့ ကျုပ်လိုက်လုပ်တာပဲ၊ လပ်ကီးက ကျုပ်ကို သိပ်နားထောင်တယ်ဗျ၊ ကျုပ်က တမင်လေ့ကျင့်ထားတာ"
၎င်းနောက် ကျွန်ုပ်သည် လပ်ကီးအား တိတ်တဆိတ် လေ့ကျင့်ထားပုံအကြောင်းကို သူတို့နှစ်ယောက်အား အသေးစိတ် ဖွင့်ဟပြောပြရာတွင် ကိုသိန်းဖေက-
"မောင်မင်းကြီးသားက ဒါကြောင့် သူ့မြင်းကို ဒါလောက်နိုင်နေတာကိုးဗျ၊ ကျုပ်က မြင်းစီးကောင်းလှချေကလားလို့ အောက်မေ့နေတာ၊ လက်စသတ်တော့ စိတ်ပညာနဲ့ ကျိတ်သင်ထားတာကိုး"
"သင်ထားတာတောင် ယူပြေးတာကိုတော့ မတတ်နိုင်ဘူး ဆရာရေ"
"ဪ ဟုတ်တယ်၊ ဒီလိုဆို ကျုပ်တစ်ခုစိုးရိမ်တယ် ဗျို့"
"ဘယ်လိုစိုးရိမ်တာလဲဗျ"
"ခင်ဗျားမြင်း ပျက်သွားပြီထင်တယ်"
"ကျုပ်လည်း စိုးရိမ်တာပဲ၊ ချော့သင်ထားရာက ခြောက်ပြီးစီးလိုက်လို့ လန့်ပြီး ပြေးချင်တိုင်း ပြေးလိုက်ရတယ်ဆိုကတည်းက ကျုပ်ဩဇာတော့ ပျက်သွားပြီထင်တယ်"
"ဖြစ်နိုင်တယ်ဗျ၊ ဒီလိုဆို အုန်းခွံနဲ့စီးဖို့ ခပ်ကျပ်ကျပ်ပဲဗျို့"
ဤတွင် ကိုဝင့်မော်မှာ သူခိုင်း၍ စီးရခြင်းဖြစ်သည်နှင့် သူ့တာဝန်မကင်းဟုဆိုကာ လပ်ကီးကိုစမ်းကြည့်ချင်ပြန်၏။ သို့ဖြစ်၍ ၎င်းတို့နှစ်ယောက်သည် နက်ဖြန်တွင် ကမ်းနီမှထွက်ကြဖို့ဖြစ်သော်လည်း တစ်ရက်ပို၍နေပြီး လပ်ကီးကို စမ်းကြည့်ဖို့ ဆုံးဖြတ်ကြလေ၏။
နောက်တစ်နေ့ညနေ၌ ကျွန်ုပ်တို့သည် လပ်ကီးနှင့် မြင်းမကြီးအုန်းသင်တို့ကို ရွာပြင် မြင်းလမ်းသို့ ထုတ်၍ အသားကျစမ်းကြည့်ကြ၏။ အုန်းသင်မှာ အသားကျလည်း ကောင်းကောင်းပြေးတတ်၍ တာပတ်တွင် ဒုန်းပွဲသွင်းသည်တွင်မှ အသားကျကို ဖြတ်ထားလိုက်ခြင်းဖြစ်သည်။ ကိုသိန်းဖေက အုန်းသင်ကိုစီး၍ ကျွန်ုပ်က လပ်ကီးနှင့် မြင်းလမ်းတွင် တာစူကြည့်ကြရာ ခပ်ဖြည်းဖြည်း(လမ်းဒိုး) စမ်းကြည့်ရာ၌ပင် လပ်ကီးသည် ကျွန်ုပ်၏ စကားကို နားမထောင်တော့ကြောင်း သိရလေပြီ။ ကိုဝင့်မော်က တိုက်တွန်း၍ ဖွင့်စီးလိုက်ရာတွင် လပ်ကီးသည် မြင်းမကြီးချဉ်းကပ်ခြင်းကိုပင် မခံချင်တော့ဘဲ တစ်ဆူတည်းဆူလျက်ရှိ၏။ "ဖြည်းဖြည်းကွဲ့ ငါ့သားရဲ့၊ လူကလေး လပ်ကီး" စသည်ဖြင့် ကျွန်ုပ်၏ ချော့မော့စကားများသည် အချည်းနှီးပင်ရှိတော့သည်။ ထို့နောက် ကိုသိန်းဖေတက်စီးရာ ထူးမခြား နားပင်ဖြစ်နေ၏။ ကျွန်ုပ်ထက်လည်း မကောင်း၊ ကျွန်ုပ်ထက်လည်း မညံ့ချေ။ လပေါင်းအတန်ကြာအောင် အပင်ပန်းခံ၍ လပ်ကီးအပေါ်၌ ထူထောင်ထားခဲ့သည့် သြဇာအာဏာတို့သည် တစ်ခါတည်း ကျဆုံးသွားခဲ့လေပြီ။ ကျွန်ုပ်စိတ်မချမ်းသာလိုက်ပုံမှာ ဟန်မဆောင်နိုင်ဘဲ မျက်နှာညှိုးငယ်လျက်ရှိတော့၏။ ကိုဝင့်မော်သည် ထိုအခြင်းအရာကိုမြင်၍ အားနာပုံရသည်။ အုန်းသင်၏ အသားကျခြေသည် ကျဲကျဲကြီးရှိ၍ လောက်စာ၏ ခြေထက်သာမည်ကို ခန့်မှန်းနိုင်ကြ၏။ လပ်ကီးကို ကျွန်ုပ်နိုင်နင်းအောင် စီးနိုင်စဉ်က အုန်းသင်နှင့် အသားကျခြေချင်း စမ်းမကြည့်လိုက်ရခြင်းအတွက် ဝမ်းနည်းစွာနှင့်ပင် မြင်းများကို သိမ်းလိုက်ကြရလေ၏။
ဆက်လက်ဖော်ပြပါမည်။