
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ဆင်နှင့်တောလည်ခြင်း
တစ်ညနေတွင် ကိုသိန်းဖေရောက်လာ၍ သူကြီးကိုညှင်းနှင့် 'တောလည်' ဖို့ တိုင်ပင်ကြ၏။ ကမ်းနီရွာသူကြီး ကိုညှင်းမှာ ကျွန်ုပ်၏ကျောင်းတည် ထောင်သည့် သစ်ကုန်သည်သုံးဦးအနက်တွင် တစ်ဦးဖြစ်၍ ကျွန်ုပ်တို့လူစု နှင့် စားဖော်သောက်ဖက် တစ်ယောက်လည်းဖြစ်လေသည်။ ထိုရက်၌ ဘီဘီတီစီကုမ္ပဏီမှ ဆင်များသည် ကမ်းနီရွာသို့ ရောက်လျက်ရှိကြရာ သူကြီးသည် ဆင်ဦးစီးများနှင့် တောလည်ဖို့ အစီအစဉ်လုပ်၍ ကိုသိန်းဖေကလည်း သဘောတူလေသည်။ သူတို့၏အစီအစဉ်မှာ နောက်တစ်နေ့ ညနေတွင် ဆင်နှစ်စီးနှင့် တောနင်းကြ၍ ကိုသိန်းဖေနှင့် သူကြီးတို့က သေနတ်တစ်လက်စီနှင့် ဆင်ပေါ်မှလိုက်ပါကြရန် ဖြစ်လေသည်။
ကျွန်ုပ်ကိုလည်း လိုက်ဦးမည်လောဟု မေးကြရာ အသစ်အဆန်းဆိုလျှင် လက်မလွှတ်ချင်သည့် ကျွန်ုပ်ကလည်း လိုက်ဖို့သဘောတူလေ၏။
သို့ရာတွင် နောက်တစ်နေ့ညနေ၌မူ ဆင်နှစ်စီးပြောထားသည့်အနက် တစ်စီးမအားလပ်၍ တစ်စီးသာရတော့သည်။ ဆင်ဦးစီးက ရှေ့မှထိုင်၍ သူကြီးနှင့် ကိုသိန်းဖေတို့က ကတီပေါ်၌ သေနတ်ကိုယ်စီနှင့် ထိုင်လိုက်ကြသောအခါ ကျွန်ုပ်အဖို့ နေရာအခက်အခဲဖြစ်နေ၏။ ကတီပေါ်တွင် သုံးယောက်ထိုင်ဖို့ ထိုင်လောက်သည်။ သို့သော် သေနတ်ပစ်ဖို့ ကတ်သီးကတ်သတ်ဖြစ်နေလိမ့်မည်။ နောက်ဆုံးစီမံကိန်းမှာ ကတီပေါ်တွင် သုံးယောက်အတူ ထိုင်သွားကြ၍ တောထဲ၌ သေနတ်ပစ်ရမည့် နေရာသို့ ရောက်သောအခါ ကျွန်ုပ်က ကတီပေါ်မှ ဆင်းပြီး ဆင်နောက်မြီး၌ ထိုင်တတ်လျှင်ကား ဖြစ်နိုင်သည်။ ဆင်နောက်မြီး၌ ထိုင်ရန်မှာ လွယ်ကူလှသည် မဟုတ်ခြင်းကို ကျွန်ုပ်သိသော်လည်း အသစ်အဆန်း တွေ့ကြုံချင်လှသော ကျွန်ုပ်အဖို့ရာ၌ လိုက်ရမည်ဆိုပြီးမှ ချန်မနေရစ်ချင်သည်နှင့် ဖြစ်အောင်လိုက်မည်ဆိုကာ လိုက်လာခဲ့၏။ ရွာမှ ထွက်လာကြသောအခါ ကတီပေါ်တွင် သုံးယောက်ထိုင်ရ၍ (ဆင်စီးဖူးသော ကျွန်ုပ်အဖို့၌) အစွန်အဖျားကျသော်လည်း ကိစ္စမရှိလှ။ သို့ရာတွင် သားကောင်ရှာရမည့် နေရာသို့ရောက်ကြ၍ ကတီပေါ်မှဆင်းပြီး နောက်မြီးစွန်းတွင် ထိုင်ရသောအခါ၌မူ ကိစ္စရှိတော့မည်မှာ နည်းနည်းသာ လိုတော့သည်။
ကျွန်ုပ်တို့သည် ကိုင်းတောကြီးတစ်ခုသို့ ရောက်ကြသောအခါ ယင်းကိုင်းတောထဲတွင် သားကောင်ရှာကြရမည်ဖြစ်၍ ကိုသိန်းဖေနှင့် သူကြီးတို့အား သေနတ်ကိုယ်စီနှင့် ချောင်ချိစွာ အလုပ်လုပ်နိုင်စေခြင်းငှာ (မူလအစီအစဉ်အတိုင်း) ကတီပေါ်မှ ကျွန်ုပ်ဆင်းပြီး နောက်စွန်းမှ ထိုင်ရလေ၏။ ကျွန်ုပ်ထိုင်ရသည်မှာ ညီညာသော မျက်နှာပြင်မဟုတ်၊ ဆင်၏တင်ပါးစွန်းဖြစ်၍ တစ်ဖက်စောင်းပြင်ကြီး ရှိနေသဖြင့် အတော် ခဲယဉ်းလှပေရာ ဆင်၏နောက်မြီး၌ အုန်းဆံကြိုးတစ်ချောင်း သိုင်းထားသဖြင့် ယင်းကိုအားပြုကာ ခက်ခဲစွာလိုက်ရလေသည်။ နေရာပြောင်းရွှေ့ စဉ် ငြိမ်လျက်ရှိသည့်အထဲ၌ပင် အတော်အထိုင်ရခက်ပေရာ ဆင်သွားသောအခါ၌ တင်ပါးကြီးသည် အတော်လှုပ်သောကြောင့် သာ၍ ဆိုးပြန်သည်။ သို့သော် ခဲယဉ်းမှကြိုက်တတ်သော ကျွန်ုပ်သည် မညည်းမညူလိုက်ပါသွား၏။ ကျွန်ုပ်တို့သည် ကိုင်းတောကြီးတစ်လျှောက် ဖြတ်သွားကြသောအခါ ဆင်၏ကျောကုန်းနှင့် ကျွန်ုပ်တို့၏ ကိုယ်လုံးများသည် ကိုင်းပင်များအထက်မှ လွတ်လွတ်ကျွတ်ကျွတ်ကြီး ပေါ်ထွက်လျက်ရှိသော်လည်း သားကောင်များသည် ကျွန်ုပ်တို့ကို မမြင်ကြဟုဆို၏။ ဟုတ်ပုံလည်းရသည်။ ကိုင်းပင်များမထူထပ်ဘဲ ခပ်ကျဲကျဲရှိသော အကွက်တစ်ခုသို့ ရောက်သောအခါ ချေတစ်ကောင်သည် ကိုင်းပင်များ အကြားမှ ကျွန်ုပ်တို့အား ငေးကြည့်လျက်ရှိသည်ကို မြင်ရ၏။ ချေတို့ မည်သည်မှာ လူရိပ်မြင်လျှင် ပြေးမြဲဖြစ်ပါလျက် ယခုမှာ ကြောင်တောင် ငေးလျက်ကြည့်နေ၏။ အနေအထားမှာ ကိုသိန်းဖေနှင့် လက်လှည့် သင့်သည်ဖြစ်၍ ကိုသိန်းဖေ၏ သေနတ်သံဒိုင်းခနဲ မြည်သွားခြင်းနှင့်အတူ ချေကလေးလည်း လိမ့်သွားရှာသည်။ ဆင်သမားသည် ဆင်ပေါ်မှဆင်း၍ ချေကိုထမ်းလာပြီးလျှင် ဆင်ပေါ်တွင် သူ့နောက်မှာ ထားလိုက်၏။ ချေသည် ဆင်ကောင်ကြီးကိုသာမြင်၍ ဆင်၏ကျောကုန်းပေါ်၌ ရှိသော ကျွန်ုပ်တို့ကိုမမြင်ဆိုခြင်းမှာ ဟုတ်ဟန်တူသည်။ ထို့ကြောင့်လည်း ဆင်နှင့်တောလည်ခြင်းသည် တောပစ်ဖို့ အခွင့်ကောင်းရသဖြင့် မုဆိုးများ သဘောကျခြင်းဖြစ်လေသည်။
ကံကောင်းလို့ ဆင်နင်းမခံရ
ထို့နောက် ဆက်လက်၍ ကိုင်းတောကြီးထဲ၌ လှည့်ပတ်ကြပြန်လေရာ အစွန်အဖျား၌လိုက်ရသော ကျွန်ုပ်မှာ ချေတစ်ကောင် ဝန်ဘက်လာသည့် အတွက်သာ၍ အလိုက်ရခက်လာ၏။ ချေတစ်ကောင်အတွက် နေရာ ပေးရ၍ ကျွန်ုပ်အဖို့၌ တစ်လက်မလောက်သာ ရွှေ့ပေးရသည် ဆိုစေဦး၊ နဂိုကတည်းက ခဲယဉ်းစွာ လိုက်ရသော ကျွန်ုပ်အဖို့မှာ သာ၍ခဲယဉ်းသွားလေပြီ။ တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် အုန်းဆံကြိုးကို ဆွဲကိုင် ထားသည့်အထဲမှပင် လွတ်၍ကျတော့မတတ် ဆင်၏တင်ပါးကြီး လှုပ်ရှားသွား၏။ သို့သော် ကျွန်ုပ်စိတ်ကူးမိသည်မှာ အကယ်၍ မတော်တဆလွတ်ကျသွားစေဦး ကျောကုန်းထက်မှ တည့်တည့်ကြီး ကျခြင်းမဟုတ်ဘဲ တင်ပါးကြီးတစ်လျှောက် ဆင်ခြေလျှောကျသွားမည် ဖြစ်သောကြောင့် အနာတရမဖြစ်နိုင်၊ ကိစ္စမရှိဟု အောက်မေ့ကာ စိတ်မပူလှဘဲရှိ၏။ တစ်နေရာ၌ ဆင်မသည် ကိုင်းပင်များထဲမှ (ဘာကောင်မှန်းမသိ) ထခုန်ပြေးခြင်းကိုလန့်သွားသည်နှင့် ရုတ်တရက် ခြေလှမ်းပြင်လိုက်သည်တွင် ကျွန်ုပ်မှာ အုန်းဆံကြိုးကို တွယ်ထားရာမှ ဟန်ပျက်ပြီး ကံကောင်း၍ မကျဘဲရှိတော့၏။ ထိုအခါ ဆင်ဦးစီးက"ဟိုနောက်ကဆရာ ဘယ့်နှယ်လဲ"
"ကံကောင်းလို့ လိမ့်မကျတယ်ဗျို့ ၊ နို့ပေမဲ့ ကိစ္စမရှိပေါင်လေ၊ ဆင်နောက်မြီးက လိမ့်ကျလို့တော့ သိပ်မနာနိုင်ပါဘူး"
"မလုပ်နဲ့ ဆရာရေ၊ ဒီဆင်မက သိပ်ယုတ်တယ် ဆရာ၊ သူ့ကျောပေါ်က လူလိမ့်ကျရင် လှည့်ပြီး နင်းတတ်တယ် ဆရာရေ"
ဤတွင်မှ ကျွန်ုပ်မှာ အကြီးအကျယ် တုန်လှုပ်သွားပါတော့သည်။ ခုနက လိမ့်ကျခဲ့လျှင် ယခုလောက်ရှိဆင်နင်း၍ ပြားပြီးသား ဖြစ်နေတော့မည်ဟု စဉ်းစားမိရုံသာမက ထုတ်ဖော်၍လည်း ပြောလိုက်ရသည်။ ဤတွင် ကိုသိန်းဖေနှင့် သူကြီးတို့က ချေတစ်ကောင်လည်းရပြီးဖြစ်၍ ပြန်ကြဖို့ပြောသည်နှင့် ဆင်ဦးစီးလည်းလှည့်၍ ပြန်ခဲ့လေ၏။ နောက်တစ်နေ့အတွက်မူ ဆင်နှစ်ကောင်နှင့် ချောင်ချိစွာလည်ကြဖို့ စီမံကြသေးသည်။
လူသေမှု ဖြစ်ဦးမလို့
နောက်တစ်နေ့ညနေ၌ ဆင်နှစ်ကောင်ရလေရာ ကိုသိန်းဖေနှင့် ကျွန်ုပ်သည် ဆင်တစ်စီးပေါ်၌ထိုင်၍ သူကြီးကိုညှင်းသည် ဒုတိယ ဆင်ပေါ်တွင်ထိုင်ကာ ယခင်ကိုင်းတောသို့ သွားကြပြန်၏။ ဤတစ်ခေါက်၌မူ ကျွန်ုပ်မှာ ချောင်ချိစွာထိုင်ရသောကြောင့် စိတ်အေးလက်အေး လည်ကြရပေတော့မည်ဟု ထင်ထားမိ၏။ သို့ရာတွင် လူသား၏တွက်ကိန်းများမှာ မည်သည့်အခါမှ စိတ်ချရသည်မဟုတ် လှချေ။ ဤတစ်ကြိမ်၌မူ ထွက်ကတည်းက တစ်နာရီနီးပါးမျှ နောက်ကျသောကြောင့် လည်ချိန်နည်းမည်စိုးကြသည်နှင့် ကတိုက်ကရိုက် စီမံကြသည်။ အဘယ်ကြောင့်ဆိုသော် နေဝင်၍ မှောင်သွားသည်ဆိုလျှင် (ကိုသိန်းဖေရော သူကြီးပါမျက်စိမှုန်သူများဖြစ်သောကြောင့်) သား ကောင်ကို မြင်ဖို့ခဲယဉ်းမည် ဖြစ်သောကြောင့်တည်း။ ကိုင်းတောသို့ ရောက်ကြသောအခါ သူကြီးပါသော ဆင်သည် လက်ဝဲဘက်သို့လည်းကောင်း၊ ကိုသိန်းဖေနှင့် ကျွန်ုပ်ပါသောဆင်သည် လက်ယာဘက်သို့ လည်းကောင်း၊ နှစ်စုခွဲကာဖြန့်၍ လှည့်ကြလေ၏။ အကြောင်းမူကား ဆင်နှစ်စီးအတူလှည့်ကြလျှင် တစ်ကောင်တည်းသော အမဲကို နှစ်ယောက်လုံးပစ်ချင်ကြ၍ နယ်ကျဉ်းမည်ဖြစ်ပေသောကြောင့်တည်း။
ဆင်တစ်စီးတည်းထွက်ခဲ့စဉ်ကမှ ချေတစ်ကောင်တွေ့သေး၊ ဆင်နှစ်စီး ထွက်လာခါမှ ကျွန်ုပ်တို့လည်း မတွေ့၊ သူကြီးတို့ဘက်ကလည်း ဘာသံမျှ မကြားရချေ။ ကိုင်းတောကြီးမှာ တစ်မိုင်ထက်မငယ် ကျယ်ဝန်းသည် ဖြစ်၍ သူတို့ဘက်မှခြေသံကို ကျွန်ုပ်တို့မကြား၊ ကျွန်ုပ်တို့ဘက်မှ ခြေသံကိုလည်း သူတို့မကြားနိုင်။ သားကောင်တွေ့၍ သေနတ်နှင့် ပစ်မှသာကြားနိုင်မည်ဖြစ်လေသည်။
ဆက်လက်ဖော်ပြပါမည်။