
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ
ယမန်နေ့မှအဆက်
ထိုနေ့ညနေ သုံးနာရီအချိန်ခန့်တွင် သေနတ်သမားလေးယောက်နှင့် ကျွန်ုပ်သည် တောခြောက်ရမည့်နေရာသို့ ရောက်ကြသောအခါ ရွာသား ၃ဝ ခန့်နှင့် ခွေးခြောက်ကောင်ခန့် ရောက်နေကြလေပြီ။ ဤအလုပ်မျိုး တွင် ဆရာကြီးဖြစ်သော ကိုသိန်းဖေသည် တခြားသေနတ်သမား သုံးယောက်တို့အား နေရာချထား၍ သူ့အတွက်လည်း နေရာတစ်ခု ယူလေရာ ကျွန်ုပ်သည် သူနှင့်အတူနေလေသည်။ ထို့နောက်မှ တောခြောက်မည့် ရွာသားများအား ချုံတော၏ အခြားဘက်သို့ လွှတ် လိုက်၏။ ချုံပင်များမှာ ကုန်းဗေဒါခေါ်သည့် အပင်များဖြစ်၍ လက်ခုပ် တစ်ဖောင်ခန့် မြင့်လေရာ မြန်မာပြည်၏ရေမျက်နှာပြင်တွင် ဗေဒါပင်များ တိုးပွားပေါများ လျက်ရှိသည့်နည်းတူ ယင်းအပင်များသည်လည်း အညာဒေသတစ်လွှားတွင် တိုးပွားလျက် ရှိခြင်းကြောင့် ကုန်းဗေဒါဟု အမည်ပေးကြခြင်းဖြစ်သည်ဆို၏။ ကျွန်ုပ်နှင့် ကိုသိန်းဖေတို့သည် ကုန်း ဗေဒါတောအစွန်း၌ သစ်ပင်တစ်ပင်အောက်တွင် ထိုင်လျက်ရှိကြစဉ် ကျွန်ုပ်က-
"အန္တရာယ်တော့ရှိနိုင်မထင်ပေါင်နော် ကိုသိန်းဖေ"
"ဖြစ်တော့ ဖြစ်ခဲပါတယ်၊ သို့သော် ဖြစ်တော့ဖြစ်ဖူးတယ်ဗျို့၊ ခင်ဗျားအဖို့ စိတ်ချရအောင် ဒီသစ်ပင်ပေါ်က တက်ကြည့်ပါလားဗျာ"
ကိုသိန်းဖေနှင့် ကိုဝင့်မော်တို့၏ခြားနားချက်မှာ ကိုဝင့်မော်သည် ဤအခြေအနေမျိုးတွင် ကျွန်ုပ်အား သစ်ပင်ပေါ်သို့တက်ဖို့ စကားစပ်လိမ့် မည်မဟုတ်။ သူနှင့်အတူနေစေမည်ဖြစ်လေသည်။
"ဒီလိုဆို ကျုပ်သစ်ပင်ပေါ်က တက်ကြည့်မယ်ဗျာ"
"တက်ပါ၊ ကျုပ်က ဝန်ထောက်မင်း ဦးဝင့်မော် မဟုတ်ပါဘူး"
ကျွန်ုပ်သည် ကိုသိန်းဖေအား ကျေးဇူးတင်သော်လည်း ဖွင့်၍မပြော ဘဲ သစ်ပင်ပေါ်သို့ တက်လေ၏။ သစ်ပင်ထက်မှမူ ကုန်းဗေဒါပင်များပေါ် မှကျော်၍ ရွာသားများကိုပင် မြင်ရသည်နှင့် ရှုခင်းကောင်းလှသည်။ ကိုသိန်းဖေက-
"ဟိုလူတွေ ရောက်ကုန်ကြပြီလားဗျို့”
"ရောက်ကုန်ကြပြီဗျို့၊ ပေသုံးလေးရာလောက် ဝေးလိမ့်မယ်ထင်တယ်"
"စီတန်းကုန်ကြပြီလား"
"စီတန်းကြတုန်းပဲဗျို့၊ ဟော ပြီးကြပြီဗျို့"
ထိုခဏ၌ 'ဟေး၊ ဟား၊ ဝူး၊ ဝါး' ဟူသော အော်သံများကိုလည်းကောင်း၊ 'ဖြုန်း၊ ဝုန်း၊ ဂျုံး' ဟူသော ရိုက်သံနှက်သံများကိုလည်းကောင်း၊ 'ဝုန်း၊ ဝေါ၊ ဂိန်၊ ဂင်' မြည်သော ခွေးသံများကိုလည်းကောင်း ကြားကြရလေရာ ကျွန်ုပ်သည် သူ့နေရာနှင့်သူ စောင့်နေကြသော သေနတ်သမားများကို လည်းမြင်ရ၍ အသင့်ပြင်ဆင် ကြခြင်းကိုလည်း တွေ့ရသည်။ အသံများ သည် တဖြည်းဖြည်းနီးလာ၍ ကျယ်သည်ထက် ကျယ်လာကြရာ အတော်နီးကပ်လာသောအခါတွင် တလှုပ်လှုပ်ဖြစ်နေသော ကုန်းဗေဒါ ပင်များ၏ ထိပ်ဖျားများကိုပင် သစ်ပင်ပေါ်မှ ကျွန်ုပ်မြင်ရ၏။ တစ်ဝက် ခန့် ရောက်လာကြ၍ ကျွန်ုပ်တို့နှင့် ပေတစ်ရာကျော်ခန့်အဝေးတွင် ခွေးတစ်ကောင်သည် 'ဂိန် ဂိန်'မြည်လျက် နောက်သို့ ပြန်ဆုတ်ပြေးသော အသံကို ကြားရ၏။
"ဘာလဲဗျို့ ကိုသိန်းဖေ"
ကိုသိန်းဖေသည် လက်ပြလျက် "ကျားလား၊ ကျားသစ်လားပဲ၊ တိတ်တိတ်ဗျ" ဟု တီးတိုးပြော၏။ လက္ခဏာမှာ ခွေးသည် ကျား သို့မဟုတ် ကျားသစ်နှင့်တွေ့သဖြင့် လန့်၍ဖြစ်စေ၊ ပုတ်မိသောကြောင့်ဖြစ်စေ ပြန်ဆုတ်ပြေးခြင်း ဖြစ်ဟန်တူသည်။ သစ်ပင်ထိပ်၌ လုံခြုံစွာရှိနေသော ကျွန်ုပ်ကမူ စိုးရိမ်စရာလုံးဝမရှိသည်နှင့် ကျားဖြစ်စေ၊ ကျားသစ်ဖြစ်စေ မကြောက်။ ဖြစ်ခြင်းဖြစ်လျှင် ကျားအကောင်ကြီး ဖြစ်စေချင်သည်။ နောက်တစ်ခဏ၌ ကျွန်ုပ်တို့ရှိသောနေရာနှင့် တည့်တည့်ကြီးတွင် ကုန်းဗေဒါပင်များသည် တလှုပ်လှုပ်ရှိရာမှ လှုပ်ရှားမှုသည် တဖြည်း ဖြည်းရွေ့လာ၍ ဗေဒါတောကလေး နှုတ်ခမ်းအစွန်းသို့ ရောက်ခဲ့လေပြီ။ အကောင်တစ်မျိုးမျိုး လာနေခြင်း ဖြစ်ရမည်ဟူ၍ကား ကျွန်ုပ်တွေးဆ နိုင်၏။ ကိုသိန်းဖေလည်း ထိုနေရာသို့ပင် စူးစိုက်ကာကြည့်နေခြင်းကို ကျွန်ုပ်မြင်ရ၏။ နောက်တစ်ခဏ၌ လှုပ်ရှားလျက်ရှိသော ဗေဒါပင်များ အကြားမှ ဦးခေါင်းတစ်ခြမ်းပေါ်လာရာ ကျားသစ်တစ်ကောင်၏ ဦးခေါင်းဖြစ်သည်ဟု ကျွန်ုပ်သိရ၏။ ကိုသိန်းဖေလည်း မြင်ပုံရ၏။ ကျွန်ုပ်ကမူ ကိုသိန်းဖေပစ်လိုက်တော့မည်ဟု မျှော်လင့်လျက်ရှိ၏။ ကိုသိန်းဖေမူကား မပစ်ဘဲ သေနတ်ဖြင့်သာချိန်ထား၏။ နောက်တစ် ခဏ၌ ကျားသစ်သည် ကိုသိန်းဖေကို မြင်လိုက်သည့်လက္ခဏာနှင့် ဖြုတ်ခနဲတွန့်ဆုတ်ကာ ဦးခေါင်းပြန်ဝင်သွားပြီးနောက် ဗေဒါပင်များ၏ အဖျားများသည် ကျားသစ်သွားသော လမ်းကြောင်းအတိုင်း လှုပ်သွား ကြခြင်းကို သစ်ပင်ပေါ်မှ ကျွန်ုပ်မြင်လိုက်ရ၏။ ပထမ၌ ကိုသိန်းဖေ မပစ်လိုက်ခြင်းကို စိတ်ထဲကအပြစ်တင်ချင်သော်လည်း ကျားသစ် နောက်မှ ရွာသားများရှိနေခြင်းကို ချက်ချင်းသတိရ၍ ကိုသိန်းဖေ မပစ်လိုက်ခြင်းအကြောင်းကို နားလည်ပါသည်။ ကျွန်ုပ်သည် ဗေဒါပင် ထိပ်ဖျားများလှုပ်သွားသော ကျားသစ်လမ်းကြောင်းကို မျက်စိနှင့်လိုက်၍ ကြည့်လျက်ရှိစဉ် ယင်းအရပ်ဆီမှ ဂိန်ခနဲ ခွေးအော်သံ ကြားရခြင်းနှင့်အတူ လူများ အလန့်တကြား အော်ဟစ်ကြသောအသံများကိုလည်း ကြားရ၏။ နောက်တစ်ခဏ၌ ဗေဒါချုံတောကို ဖောက်ထွက်၍ လျားခနဲ လျားခနဲ ပြေးသွားသော သတ္တဝါတစ်ကောင်ကိုမြင်ရ၍ သေချာစွာ ကြည့်လိုက်ရာတွင် ကျားသစ်တစ်ကောင်ဖြစ်ကြောင်း သိလိုက်ရသည်။ ခုနက ကျားသစ်သည် ကိုသိန်းဖေကိုမြင်သည်နှင့် လှည့်ပြန်ပြီး တခြားဘက်မှ ဖောက်ထွက်သွားခြင်းဖြစ်သည်ဟု ကျွန်ုပ် တွေးဆနိုင်သည်။
တောဝက် ထွက်ပြေးပုံ
ကျားသစ်ဖောက်ထွက်သွားခြင်းကြောင့် လူများနှင့်ခွေးများ အတော်ဖရိုဖရဲဖြစ်သွားသည့်လက္ခဏာနှင့် အလန့်တကြား အော်လိုက်ကြပြီးနောက် ရွာသားများသည် တစ်ဖန်တာစူကြပြန်၍ ကျွန်ုပ်တို့ရှိရာဘက်သို့ ယခင်အတိုင်း ဆက်လက်ခြောက်ထုတ်လာကြပြန်၏။ ကျွန်ုပ်သည် ဗေဒါပင်ထိပ်ဖျားကလေးများ လှုပ်ယိမ်းခြင်း ကို သစ်ပင်ထက်မှ မျှော်ကြည့်နေစဉ် အကောင်တစ်ကောင်ပြေးလာသည့်လက္ခဏာနှင့် ကျွန်ုပ်တို့ဘက်သို့ ဗေဒါပင်ထိပ်ဖျားကလေးများ လှုပ်လာသည့် လမ်းကြောင်းကိုမြင်ရ၏။ အကောင်သည် ရပ်ချည်ပြေးချည်လုပ်လာ ခြင်း၏အမှတ်အသားမှာ ဗေဒါပင်ထိပ်ဖျားကလေးများက ပြလျက်ရှိ၏။
လှုပ်ရှားခြင်းသည် တောကလေး၏ အစွန်းအဖျားသို့ ရောက်လာလေပြီ။ နောက်ဆုံး၌ ဗေဒါတောအစွန်းမှ ပြူးကြည့်ဟန်နှင့် တောဝက်တစ်ကောင်၏ နှာသီးဖျားကလေးပေါ်ထွက်ခြင်းကို ကျွန်ုပ်မြင်ရ၏။ တောဝက်သည် ကိုသိန်းဖေရှိနေသောနေရာနှင့် တည့်တည့်မဟုတ်။ ပေတစ်ရာလောက် ကွာလှမ်းလိမ့်မည်။ ကိုသိန်းဖေလည်း ၎င်းကိုမြင်၏။ သို့သော် မပစ်သေးဘဲ သေနတ်နှင့်ချိန်ထား၏။ ၁ဝ စက္ကန့်မျှ တွေဝေလျက် ရပ်နေပြီးနောက် တောဝက်သည် ဗေဒါတောကလေးထဲမှ ရုတ်တရက် တစ်ဟုန်ထိုးခုန်ထွက်ပြီးလျှင် တောကလေးကို နောက်ခိုင်းကာ တည့်တည့်ကြီး လျှောက်ပြေးလေ၏။ ကိုသိန်းဖေသည် တောဝက်ကို သေနတ်နှင့် ချိန်၍လိုက်စဉ် (လူလိုက်ခြင်းမဟုတ်၊ သေနတ်လိုက်ခြင်း ဖြစ်သည်။) တောဝက်နှင့် ရွာသားများ တစ်တန်းတည်းမဟုတ်သော နေရာသို့ရောက်သည်နှင့် တစ်ပြိုင်နက် ဒိုင်းခနဲ တစ်ချက်ပစ်လိုက်ရာ တောဝက်သည် မြေကြီးပေါ်၌ လိမ့်သွားခြင်းကို မြင်လိုက်ရ၏။ ကျွန်ုပ် ဝမ်းသာမည်ပြုဆဲတွင် တောဝက်သည် မြေကြီးပေါ်မှထ၍ ယခင်အတိုင်း ပြေးပြန်၏။ ကိုသိန်းဖေသည် နှစ်လုံးပြူးသေနတ်တွင် ထိုးထားသည့် လက်ကျန်ယမ်းတောင့်ဖြင့် တစ်ချက်ဆင့်၍ ပစ်လိုက်သဖြင့် တောဝက် လည်း လိမ့်သွားပြန်၏။ ဤတစ်ကြိမ်၌မူ တောဝက်သည် မထနိုင် တော့ရုံသာမက လှုပ်ပင်မလှုပ်နိုင်ရှာတော့ချေ။ (ရှာဟူသော ကရုဏာ စကား ရေးသားခြင်းမှာ ယနေ့အမြင်နှင့် ရေးခြင်းဖြစ်ရာ ထိုစဉ်က အမြင်မူကား များများသေလေ၊ ပီတိဖြစ်လေ ရှိခဲ့ပါသည်။) ထိုအတောအတွင်း တခြားသေနတ်သမားများ ရှိရာမှလည်း သေနတ်သံများ တဒိုင်းဒိုင်း ကြားလျက်ရှိ၏။ စုစုပေါင်း ခြောက်ချက်ထက် နည်းမည်မထင်။ သို့သော် နောက်ဆုံး၌ စုစုပေါင်း တောဝက်သုံးကောင် ရရှိလေသည်။
ဆက်လက်ဖော်ပြပါမည်။