ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

 

ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

 ပဲခူး  ဧပြီ  ၁၈

ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့မှဦးဆောင်၍ ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်မြန်မာသက္ကရာဇ် ၁၃၈၇   ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင်  ဇီဝိတဒါနငါးလွှတ်ပွဲနှင့်  သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနား  ကျင်းပသည်။

ရှေးဦးစွာ ပဲခူးမြို့ဟံသာဝတီရှေးဟောင်းကျုံးရေပြင်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကျင်းပရာ    ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ငါးမြစ်ချင်း၊ ငါးကြင်းရွှေဝါ၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ ၁၅၀၀၀၀ အား  ကျုံးရေပြင်အတွင်းသို့ လွှတ်ပေးကြသည်။

ထို့နောက် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပဲခူးမြို့ပေါ်ရပ်ကွက်များမှ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းအခမ်းအနားကျင်းပရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မေတ္တာပို့ နှုတ်ခွန်းဆက်စကားပြောကြားသည်။      

ယင်းနောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   တက်ရောက်လာကြသူများက  အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး     အလှူငွေနှင့် ကန်တော့ခံပစ္စည်းများအား   ပေးအပ်လှူဒါန်းကြရာ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုပေးစကားပြန်လည်ပြောကြားသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍    ပဲခူးမြို့ပေါ် ရပ်ကွက်နှင့် သပြေကုန်း ဘိုးဘွားရိပ်သာမှ အဘိုးအဘွား ၆၀  ဦးအား ပူဇော်ကန်တော့ကြခြင်းဖြစ်ပြီး ကျန်းမာရေး စစ်ဆေးပေးခြင်းများလည်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့မှဦးဆောင်၍    မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်တွင် တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ် ၂၈  မြို့နယ်၌ အန္တရာယ်ကင်း   ပရိတ်တရားတော်အား သံဃာတော်များဖြင့် မြို့တွင်း/မြို့ပြင် မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။       

(၄၀၁)၊ တင်စိုး(ပဲခူး)