တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ

ယမန်နေ့မှအဆက်

သူမတူသော မိခင်

ဖော်ပြရန် တစ်ချက်ကျန်ရစ်သည်မှာ ကျွန်ုပ်၏မိခင်သည် ကမ်းနီရွာသို့ အလည်လာခိုက်ဖြစ်၍ ကျွန်ုပ်နှင့်ကိုသိန်းဖေတို့ ခင်မင်ကြပုံကို တွေ့ရခြင်းကြောင့်   ဝမ်းသာလျက်ရှိသည်။    မိခင်၏ထူးခြားချက်တစ်ခုမှာ သားနှင့် ခင်မင်သည်ဆိုလျှင် မည်သူမည်ဝါမရွေး ခင်မင်တတ်ရှာသည်။ ဖခင်ကဲ့သို့ ဤလူနှင့် ပေါင်းသင့်သည်၊ ထိုလူနှင့် မပေါင်းသင့် စသည်ဖြင့် သွန်သင်ညွှန်ကြားရန် ဝါသနာမရှိ။ ကျွန်ုပ်ယူခဲ့သော မယားများအား ခင်မင်သကဲ့သို့   ကျွန်ုပ်၏ မိတ်ဆွေသူငယ်ချင်းများအားလည်း ခင်မင်သည်ချည်းဖြစ်၏။ မိခင်၏အပြုအမူသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျွန်ုပ်ကမူကား  ကျွန်ုပ်၏မိခင်အား (သူမတူသော မိခင်ဟူ၍) ဤအတွက်ကြောင့်ပင် ပို၍ချစ်ခင်ပါသည်။ ကျွန်ုပ်နှင့် အထူးခင်မင်သော မိတ်ဆွေများမှာလည်း သူ့နေရာနှင့်သူ  တော်ကြသည်ဖြစ်၍ မိခင်၏ အပြုအမူသည် အလုံးစုံခြုံ၍ကြည့်လိုက်သောအခါ မှားသည်ဟု မထင်ပါ။ ကျွန်ုပ်၏ မယားများနှင့်ပတ်သက်၍ဖြစ်စေ၊ ရင်းနှီးသောမိတ်ဆွေများနှင့်ပတ်သက်၍ဖြစ်စေ      ကဲ့ရဲ့ရှုတ်ချသောစကားမျိုးပြောခြင်းကို ကျွန်ုပ်မမှတ်မိပါ။ ခုတင်ကိုရောင်းစားသော ဒုတိယအိမ်ထောင်အကြောင်းကိုပင် ကျွန်ုပ်ရှေ့၌ ဘာမျှမပြော။  ရေငုံနေခဲ့ပါသည်။ ၎င်းနေ့ ညနေ ငါးနာရီအချိန်တွင်  ကိုသိန်းဖေနှင့်  သူကြီးတို့သည်  လင့်စောင့်ရန် ပြင်ဆင်ကြလေရာ ကျွန်ုပ်လည်း လင့်စောင့်ခြင်းကို မမြင်ဖူးသည်နှင့် အတူလိုက်သွားမည်ဟု မိခင်အားခွင့်တောင်း၏။ မိခင်က ကျွန်ုပ်ထင်သည့်

အတိုင်း ခွင့်ပြုရုံသာမက  စိုးရိမ်မကင်းရှိပုံရသော  ကျွန်ုပ်၏ဇနီးအားလည်း "ကိစ္စမရှိပါဘူး သမီးရယ်၊ ယောက်ျားဆိုတာ စုံမှပေါ့ကွယ်" ဟု အဘိုး၏စကားအတိုင်း ပြောပြဖော်ရပါပေသည်။

လင့်စောင့်ကြခြင်း

ငါးနာရီထိုးပြီးသည်နှင့်တစ်ပြိုင်နက် ကိုသိန်းဖေနှင့် သူကြီးတို့သည် သေနတ်တစ်လက်စီနှင့် ထွက်ကြလေရာ ကျွန်ုပ်လည်း လက်ချည်းဗလာ လိုက်ပါသွားလေ၏။ ကျွန်ုပ်သည်  အတော်အတန် တုန်လှုပ်ခြင်းရှိသည်ကား ဝန်ခံရပေမည်။ သို့ရာတွင်  ကြောက်ရွံ့သောကြောင့် ကားမဟုတ်။ (ကိုသိန်းဖေ၏လက်ကို   အလွန်ယုံကြည်အားထားသည်။)  ကျားကို တွေ့မှတွေ့ပါမည်လောဟု စိုးရိမ်သောကြောင့်မျှသာ ဖြစ်၏။ လမ်းခရီး၌ သူကြီးက မကြာသေးမီအတွင်းက ရွှေလီရိုးမှ သူကြီးတစ်ယောက် လင့်စောင့်ရာတွင် ကျားက  လင့်စင်ကို ခုန်ဆွဲ၍ ဖရိုဖရဲပျက်ကျမည်အပြု ကျား၏ဦးခေါင်းကို  သေနတ်တစ်ချက် ထိမှန်သွားသည်နှင့် သူကြီးမှာ အသက်ချမ်းသာရာရကြောင်း  ပြောပြသည်တွင်မှ ကျွန်ုပ်မှာ အတော် တုန်လှုပ်သွားမိပါသည်။ ဤတွင် ကိုသိန်းဖေက ထိုသူကြီးစောင့်သော လင့်စင်မှာ သစ်ပင်အဆင်မသင့်၍ ကျားလွတ်လောက်အောင် မမြင့်ဘဲ ခပ်နိမ့်နိမ့်လုပ်ရသောကြောင့်ဖြစ်ကြောင်း ပြောပြသည်တွင်မှ စိတ်သက်သာရာ ရပါတော့သည်။     လင့်စင်ဆောက်လုပ်ထားသောနေရာသို့ ရောက်ကြသောအခါ ကျွန်ုပ်၏ ပထမဦးဆုံးမေးခွန်းမှာ လင့်စင်သည် ကျားလွတ်လောက်အောင် မြင့်ပါ၏လောဟူသည်ပင်ဖြစ်၏။ သူတို့ နှစ်ယောက်စလုံးက လွတ်လောက်ပါသည်ဟု ပြောရာတွင်မှ  အတန် စိတ်အေးသွားပါသည်။ သို့နှင့်လည်း  လွတ်လောက်၊ မလွတ်လောက်ကို ကိုယ်ပိုင်ဉာဏ်နှင့်ချင့်ချိန်မိပါသေးသည်။    လင့်စင်မှာ    ဝါးများကို ကုလားဖောင်ဖွဲ့၍ ဆောက်လုပ်ထားခြင်းဖြစ်ရာ လူနှစ်ရပ်လောက်သာ မြင့်သည်နှင့် စိတ်မချတချရှိ၏။

သို့ရာတွင် ကျွန်ုပ်သည် အိတ်စပတ်နှစ်ယောက်၏ အဆုံးအဖြတ်ကို သံသယဖြစ်ကြောင်းမဖော်ပြဘဲ သစ်ပင်ပေါ်သို့ ရှေးဦးစွာတက်ပါသည်။ (အမှန်ကိုရေးရလျှင် အချိန်မရွေး ကျားရောက်လာနိုင်သော ဤနေရာမျိုး

တွင် ရှေးဦးစွာတက်ရမှ လုံခြုံပါသည်။) သုံးယောက်စလုံး လင့်စင်ပေါ်သို့ ရောက်ကြသောအခါ ကျွန်ုပ်က သေနတ်သမားနှစ်ယောက်၏အလယ်၌ ထိုင်၏။  ထူးတော့ မထူးပါ။ သို့သော် အလယ်မှထိုင်ရ၍ စိတ်လုံခြုံပါသည်။ နေသားတကျထိုင်မိကြသောအခါ ကျွန်ုပ်သည် အခြေအနေကို လှမ်းမျှော်ကြည့်လိုက်သည်။

ကျွန်ုပ်တို့၏    ရှေ့တည့်တည့်၌  ပေ  ၁ဝဝ  ပတ်လည်ခန့်ရှိသည့် မြက်ခင်းကလေးရှိရာ မြင်းသေကောင် ကလေးမှာ ကျွန်ုပ်တို့နှင့် ပေ ၂ဝ ကွာလောက်တွင် ပြင်ဆင်ထား၏။ ပြင်ဆင်ပုံကား ဦးစွန်းဖုတ်ကလေးကို ပန်းစည်းကြိုးဖြင့်  စုစည်းထား၍  စက္ကူပန်းကလေးပန်ထားပြီးလျှင် မျက်နှာကို ပေါင်ဒါများ ရိုက်ထားလေသည်။ သူတို့၏အယူမှာ ထိုကဲ့သို့ မတော်မတည့်ပြုလုပ်ကာ စတိလုပ်ထားပါမှ ၎င်းအား ကိုက်သတ်သော ကျားသည် မလာဘဲမနေနိုင် ဧကန်မုချလာရသည်ဟု ယုံကြည်ကြလေသည်။ ပေ ၁ဝဝ ခန့်ကျယ်သော မြက်ခင်း၏ ဟိုဘက်တွင် ချုံများနှင့် သစ်ပင်ကြီးများရှိ၏။ နေဝင်ဖို့မှာ တစ်နာရီကျော်ကျော်လိုသေးသော်လည်း အချို့ကျားသည် နေမဝင်မီပင်လာတတ်သောကြောင့် ကျွန်ုပ်

တို့ ကြိုတင်၍လာကြရခြင်းဖြစ်၏။ ကျွန်ုပ်သည် ပတ်ဝန်းကျင်အခြေအနေကို ကြည့်လျက်ရှိစဉ် ကိုသိန်းဖေက "ကိုင်း ဆရာတို့၊ ဆေးလိပ်ကလေးဘာလေး    သောက်ချင်သောက်ထားကြဗျို့၊ နောက်ထပ်သောက်ဖို့ အချိန်မရပေဘူး"ဟု ပြောသည်နှင့်  အားလုံးဆေးလိပ်သောက်ကြ၏။ ကျားလာတတ်သောအချိန်မှာ အလွန်ဆုံး နေဝင်ပြီး နှစ်နာရီခန့်အတွင်းဟုဆိုရာ ဤအတွင်း အချိန်မရွေး ချက်ချင်းလည်းလာနိုင်သည်ဟု ဆိုလေသည်။

နေဝင်လုနီးသောအခါ နှစ်ဖာလုံခန့်ဝေးသော ကမ်းနီရွာမှ နွားများ၊ မြင်းများသိမ်းသောအသံများကို တစီစီကြားရ၏။ ထို့နောက် ခွေးဟောင်သံများ၊ ရွာသူ၊ ရွာသားများ၏စကားပြောသံများ၊ ဘယ်သူရေ  ဘယ်ဝါရေ စသည်ဖြင့်  ဟစ်အော်ခေါ်ငင်သံများ၊ ဘုန်းကြီးကျောင်းမှ ခေါင်း လောင်းသံ၊ ကြေးစည်သံများ စသည်တို့သည် နားထဲသို့ လုံး၍ဝင်လာကြ၏။  ဤအသံများသည် ကြားနေကျအသံများဖြစ်သော်လည်း အခါတိုင်းမူ ဂရုစိုက်မိသည်မရှိ၊ လျှံ၍သာ ထွက်သွားတတ်ပေရာ နားမျက်စိများကိုဖွင့်ပြီး စိတ်အာရုံ စူးစိုက်လျက်ရှိသော ထိုအခါ၌မူ အသံတစ်ခုစီ တစ်ခုစီပိုင်းပိုင်းခြားခြားကြီး နားထဲသို့ ဝင်သွားကြလေ၏။ အလုပ်ကလည်း အန္တရာယ်ရှိနိုင်သည့် (ကျားစောင့်သော) အလုပ်ဖြစ်သောကြောင့် အာရုံကြောများသည် အထူးထက်မြက်နေကြပုံရသည်။ ရှစ်နာရီခန့်၌ ကလေးတစ်ယောက် ငိုလိုက်သောအသံကိုပင် ပီပီသသကြားလိုက်ရ၏။ ရွာသူတို့၏အသံများသည်  တဖြည်းဖြည်း ဆိတ်သည်ထက်ဆိတ်သွား လေရာ ရှစ်နာရီခွဲခန့်တွင်  တစ်ရွာလုံး တိတ်ဆိတ်လျက်ရှိတော့၏။ သူတို့ကလည်း ကျွန်ုပ်တို့ထံမှ သေနတ်သံကို နားစွင့်လျက်ရှိသည်ဟု သိရသည်။ တောထဲမှ ရှဉ့်သံ၊ ငှက်သံ စသည်များမှာမူ နေဝင်စကတည်းက   လုံးဝတိတ်ဆိတ်လျက်ရှိလေပြီ။ လင့်ပေါ်သို့ ကျွန်ုပ်တို့ တက်မိကြသည်မှာ သုံးနာရီကျော်ခဲ့လေပြီ။ ကျားကား မပေါ်လာသေးချေ။

ဆီးတောင့်သော ဒုက္ခ

ကိုးနာရီကျော်လတ်သော် ကျွန်ုပ်မကြုံဖူးသည့် 'တော၏တိတ်ဆိတ်ခြင်း'ကို ပထမအကြိမ် ကြုံရ၏။ ဂူ၏တိတ်ဆိတ်ခြင်းကို ကြုံရဖူးပေရာ တော၏တိတ်ဆိတ်ခြင်းသည် (ကျွန်ုပ်၏ စိတ်တွင်) ထို့ထက်ပင် နက်နဲသေး၏။ ဆိုးရွားသောအခြင်းအရာတစ်ခုမှာ နေဝင်ပြီးကတည်းက ခြင်ကောင်များသည် တဝီဝီမြည်လျက် ပါး၊ နားရွက် စသည်များကိုဝိုင်းအုံကာ ကိုက်ကြလေရာ ၎င်းတို့အား လက်ဖျားကလေးဖြင့် ပုတ်ခတ်လိုက်သည် ဆိုလျှင်ပင် ဝါးထရံကို လက်ဖဝါးဖြင့် ပုတ်လိုက်သည့်အလား ဗုန်းခနဲဗြောင်းခနဲ အလန့်တကြား မြည်လာလေတော့သည်။ ထို့ကြောင့် ခြင်ကိုက်သော်လည်း မရိုက်ဝံ့၊  လက်ကလေးဖြင့်    ဖြည်းညင်းစွာခြောက်ရ၏။ များလွန်းတော့လည်း မခြောက်နိုင်သဖြင့် ပေ၍ခံရ၏။ ကျွန်ုပ်အနီး သူကြီးဘက်မှ  'ဂွတ်ခနဲ ဂွတ်ခနဲ' မြည်သောအသံတစ်ချက်တစ်ချက် ကြားရ၍  စုံစမ်းကြည့်ရာ အခြားမဟုတ်၊ တံတွေးမျိုသောအသံများ ဖြစ်သည်ဟု သိရ၏။  သူကြီးသည်  တံတွေးကို ခံတွင်း၌ စုထားပြီးမှ အလုံးလိုက်    မျိုချတတ်သူတစ်ယောက်ဖြစ်လေရာ ထိုအသံကြောင့် ကျားလန့် ပြေးမည်ကိုပင် ကျွန်ုပ်တို့စိုးရိမ်မိ၏။ တော၏တိတ်ဆိတ်ခြင်းသည် ဤမျှလောက် နက်နဲလှသည်။ (ကားခြင်းမဟုတ်၊ တကယ်ဖြစ်ပါသည်။) ဤအတောအတွင်း ကျွန်ုပ်၏မျက်စိများသည် အလကားနေသည်မရှိ။ မြင်းသေကောင်ကလေးကို တစ်စိုက်တည်းစိုက်လျက်ကြည့်နေမိ၏။                                                   

 ဆက်လက်ဖော်ပြပါမည်။