၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ၊ စာသင်ခန်းများ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ၊ စာသင်ခန်းများ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်    ဧပြီ    ၁၈

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်တက္ကသိုလ်၊ ပညာရေးဒီဂရီ ကောလိပ်နှင့် အခြေခံပညာကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ  အဆင်သင့်ပြင်ဆင် ထားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော တက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များ၊  အခြေခံပညာကျောင်းများကို လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့်ပြင်ဆင်ထားနိုင်ရေးအတွက် စနစ်တကျ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရကြောင်း၊ ပြန်လည်တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးသည်အရေးကြီးကြောင်း၊   လာမည့်ပညာသင်နှစ်တွင်    ကျောင်းနေအရွယ် ကလေးအားလုံး   မပျက်မကွက် ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊  ငလျင်ဒဏ်ကြောင့်   ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိကျောင်း အဆောက်အဦများကို အမြန်ဆုံးစနစ်တကျ ရှင်းလင်း‌ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊     မိမိတို့ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊   ပြည်နယ်များရှိ  ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများ၊ အဆောက်အဦများကို    အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းဟူသော သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျစာရင်းပြုစုထားရှိရမည်ဖြစ်ကြောင်း၊ ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ   ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း၊    လိုအပ်သောဒေသများတွင် ယာယီစာသင်ဆောင်များနှင့်    ယာယီလူနေဆောင်များကို စနစ်တကျဖြည့်ဆည်းသွားကြရမည်ဖြစ်ကြောင်း၊   အဆောက်အဦများပြုပြင် တည်ဆောက်ရာတွင် မပြုပြင်မီ၊   ပြုပြင်ဆဲနှင့်ပြုပြင်ပြီး  မှတ်တမ်းဓာတ်ပုံများ စနစ်တကျထားရှိ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနအလိုက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်၍ ပညာရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အားလုံးလက်တွဲ    ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့်     ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က အသေးစားပြင်ဆင်ရန်လိုအပ်သော အဆောက်အဦများကို ကျောင်းဖွင့်ချိန်မတိုင်မီ  အချိန်မီပြီးစီးအောင်ဦးစားပေးပြုပြင်ဆောင်ရွက်ရန်     ပြောကြားသည်။

ယင်းနောက်  ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က ကျောင်းဖွင့်ချိန်အမီ ကျောင်းများအဆင်သင့် ဖြစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ    ဦးစီးဌာနများအားလုံး   ပူးပေါင်း‌ဆောင်ရွက်မှုအားကောင်းစွာဖြင့် ပူးပေါင်း‌ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများအနေဖြင့် မိမိတို့လုပ်ငန်းဆောင်ရွက်ရာတွင်တွေ့ကြုံရသည့်အခက်အခဲများရှိပါက ယခုအစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းဖြင့်       ပြောကြားသည်။

ယင်းနောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။