ရီးယဲလ်မက်ဒရစ် အသင်းက လာမည့် စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲတွင်ရှုံးနိမ့်ပါက နည်းပြ အန်ဆယ်လော့တီကို ထုတ်ပယ်ဖွယ်ရှိ
မက်ဒရစ် ဧပြီ ၁၉
ရီးယဲလ်မက်ဒရစ်အသင်းက လာမည့်စပိန်ကိုပါ ဒယ်ရေးဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ဆုဖလား လက်လွှတ်ရမည်ဆိုပါက အသင်းနည်းပြ အန်ဆယ်လော့တီကို ထုတ်ပယ်ဖွယ်ရှိကြောင်း သိရ သည်။
နည်းပြအန်ဆယ်လော့တီသည် ၂၀၂၁ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက စပိန် လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူး ပေးနိုင်ခဲ့သော်လည်း ယခုဘောလုံး ရာသီတွင် ရလဒ်မတည်ငြိမ်မှုများနှင့်အတူ ရုန်းကန်နေရ သည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းက အစော ပိုင်းကတည်းက ယခုဘောလုံး ရာသီအကုန်တွင် နည်းပြအန်ဆယ်လော့တီနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုတော့မည်မဟုတ်ဘဲ လမ်းခွဲရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခု ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း အာဆင်နယ်အသင်းကို အဝေးကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့သကဲ့သို့ အိမ်ကွင်းတွင်လည်း ထပ်မံရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် နည်းပြအန်ဆယ် လော့တီအနေဖြင့် အနာဂတ်ပိုမို မရေမရာဖြစ်လာခဲ့ပြီး ရာသီမကုန်ဆုံးမီ ရာထူးမှ ထုတ်ပယ်ခံရမည့်အရေး နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် စပိန်စူပါဖလား ပြိုင်ပွဲတွင် ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသကဲ့သို့ စပိန်လာလီဂါပြိုင်ပွဲတွင်လည်း ၃၁ ပွဲကစားပြီးချိန်တွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် ရမှတ်လေးမှတ်ကွာဟနေပြီး ချန်ပီယံဆုအတွက် မရေမရာဖြစ်နေကာ ယခု ဘောလုံးရာသီတွင် ဆုဖလား လက်မဲ့ရာသီနှင့်မကြုံ ရရန် စပိန်ကိုပါဒယ်ရေးဖလား တစ်လုံးတည်းသာ မျှော်လင့်ချက် ရှိနေသည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းက စပိန်ကိုပါဒယ်ရေးဖလားကိုပါ လက်လွှတ်ရမည်ဆိုပါက နည်းပြအန်ဆယ်လော့တီကို ချက်ချင်းထုတ်ပယ်ဖွယ်ရှိနေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းက အန်ဆယ်လော့တီကို ထုတ်ပယ်ခဲ့ပါက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ နည်းပြသစ်အဖြစ် လေဗာကူဆင်အသင်းမှ နည်းပြ အလွန်ဆိုနှင့် ကစားသမားဟောင်း ရာအူးလ်တို့မှ တစ်ဦးကို ခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။