နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ဆွေးနွေးမှာကြား
ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ်များပြားလာသည်ကိုတွေ့ရှိရ၊ ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့်စိုက်ပျိုးရေများလိုအပ်မည်ဖြစ်ပြီး ရေအရင်း အမြစ်များ စဉ်ဆက်မပြတ်ရရှိရေးသည် ရေရှည်စီမံကိန်းချမှတ်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်
နေပြည်တော် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြင်ဦးလွင် ခရိုင်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံစွာရရှိရေးအတွက် မည်ကဲ့သို့ဆောင်ရွက်နိုင်မည်ကို ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့နယ် တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် များပြားလာသည်ကို တွေ့ရှိရ ကြောင်း၊ ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေ များလိုအပ်မည်ဖြစ်ပြီး ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေးသည် ရေရှည်စီမံကိန်းချမှတ်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊
ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင် တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုပါ ကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြင်ဦးလွင်မြို့နယ် အတွင်း နေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြင်ဦးလွင် မြို့နယ်အတွင်း အနာဂတ်ကာလ ရေအရင်းအမြစ်လိုအပ်ချက်အတွက် ရေရရှိနိုင်မှု၊ ရေလှောင်တမံများအလိုက် ရေသိုလှောင်နိုင်မှု ပမာဏများနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးက ပြင်ဦးလွင်မြို့ ရေပေးဝေရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့်လက်ရှိရေပေးဝေနိုင်မှု၊ ရေအရင်းအမြစ်များနှင့် ရေသိုလှောင်နိုင်မှု၊ ပြင်ဦးလွင်မြို့၊ မြို့နေပြည်သူလူထုများ သောက်သုံးရေအပြည့် အဝပေးဝေ နိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့်အစီအမံများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရန်လိုကြောင်း၊ ရေအရင်း အမြစ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင် တမံများအနီးရှိ ရေဝေရေလဲတော များကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွား ရန်လိုကြောင်း၊ ဆည်တာတမံများ အတွင်းရာသီမရွေးရေရရှိနိုင်ရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့နယ် အတွင်း ရေဖူလုံစွာရရှိ စေရေး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက်သွားရန်လိုပြီး ဆည်များအတွင်မှ ကျဆင်းသွားသည့် ရေများကိုလည်း အလေအလွင့် အနည်းဆုံးဖြစ်စေရေး တာ၊ တမံများကို သုတေသနပြုတည်ဆောက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့နယ် ရေဖူလုံစွာရရှိရေး အတွက် ဆောင်ရွက်နိုင်မည့်လုပ်ငန်းရပ်များကို သက်ဆိုင်ရာကဏ္ဍများ အလိုက် သုတေသနပြု ဆန်းစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။