ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
နေပြည်တော် ဧပြီ ၂၀
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အဦများ ထိခိုက် ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမှုတော်စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့်သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)၊ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အဦများနှင့် မင်းလမ်း ရပ်ကွက်ရှိ ရတနာဗိမာန်ထူပါရုံရွှေကျောင်းတိုက်နှင့်စစ်ကိုင်းမြို့ စည်ပင်သာယာဈေးများသို့ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများနှင့် ကျောင်းဆောင်အဆောက်အဦများအား တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်တွင် မလေးရှားနိုင်ငံ ဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့မှ ယာယီဆေးရုံဆောက်လုပ်နေမှုအားလည်းကောင်း၊ထို့နောက် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီ၊ ဥမင်ကိုးဆယ်စေတီ၊ နန်းဦးမြို့သစ်ရှိ မရှိခဏစေတီ၊ မဟာလှစေတီများသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အဦများနှင့် ကျောင်းဆောင် အဆောက် အဦများကို ရှင်းလင်းဖယ်ရှားနေမှုများအားလည်းကောင်း၊နန်းဦးမြို့သစ်ရှိငလျင်ဒဏ်သင့် ပြည်သူများစောင့်ရှောက်ရေးစခန်းများသို့လည်းကောင်း၊ ငလျင်ဒဏ်သင့်ပြည်သူ များ ကျန်းမာရေး စောင့်ရှောက်မှုအတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆောင်ရွက်ပေးနေမှုများအားလည်း ကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင် နှင့်တာဝန်ရှိသူ များသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အင်ကြင်းကွန်ဒိုနေရာ၊ Irawaddy River View ဟိုတယ်နေရာ၊ အမရပူရမြို့နယ်ရှိ မဟာစန္ဒာမုနိဘုရား၊ ဆင်ဖြူမယ်ဆုတောင်းပြည့်ဘုရားနှင့် အောင်မြေရွှေဘုံမြတ်စွာဘုရားတို့အားသွားရောက်၍ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဘုံသာကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့်နေရာများအား ကြည့်ရှု စစ်ဆေးကာတာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ စန္ဒာမုနိဘုရားသို့ သွားရောက်ဖူးမြော်၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ပြီး ဘုရားပရိဝုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက်တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ၎င်းနောက် အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီ၊ ဘုရားနီဆုတောင်းပြည့်မြတ်စွာဘုရား၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ယာစေတီ၊ မဟာအောင်မြေမြို့နယ်ရှိ သာသနာပိုင်တိုက် ရတနာစံကျောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မြေစွန်းဝင်ဘုရားနေရာတို့အား သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သောအပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ အတွက် တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် စဉ့်ကိုင်မြို့၊ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများသို့သွားရောက်၍ ဆေးရုံတက်လူနာများအား တွေ့ဆုံအားပေးစကားပြောကြား ခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်း များ စုပေါင်း၍ ဆေးရုံအတွင်း/ အပြင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ထို့နောက် စဉ့်ကိုင်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်စစ်ဆေး ခဲ့ပြီး ပြန်လည်တည်ဆောက်ရေးကာလတွင် မြို့သန့်ရှင်းသာယာလှပရေး၊ တစ်ခါသုံးရေဘူး၊ တစ်ခါသုံးအမှိုက်အိတ်များ ကင်းစင်ရေးအတွက် ပညာပေးကာလ၌ တွန်းအား ပေးဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက်အဦများ ပြန်လည်တည်ဆောက်ခွင့်တင်ပြလာချိန်တွင် ငလျင်ဒဏ် 8 magnitude ခံနိုင်သည့်အဆောက်အဦများ ဆောက်လုပ်ခွင့်ပြုရန်အတွက် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ SOP ကြိုတင်ရေးဆွဲထားရန်လိုအပ်ပြီး ရေးဆွဲထားသည့် SOP နှင့်အညီစိစစ်၍ ဆောက်လုပ်ခွင့်ပြုသွားရန် နှင့်ပြန်လည်တည်ဆောက်မှုများအပေါ် အသေးစိတ်စစ်ဆေးဆောင်ရွက်ရန် လိုကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးရုံး (စဉ့်ကိုင်)သို့ သွားရောက်ကြည့် ရှုခဲ့ပြီး ပျက်စီးသွားသောအဆောက်အဦများ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံး တင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ် သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)၊ အခြေခံပညာအထက်တန်းကျောင်း(ပုလိပ်)၊စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအုပ်စုရှိ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)နှင့်အခြေခံပညာအထက်တန်းကျောင်း (ဘဲလင်း) ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီးယခုနှစ်ပညာသင်နှစ်အမီ ကျောင်းအပ်နှံလာမည့် ကျောင်းသား၊ ကျောင်းသူများ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များလုံလောက်မှုရှိစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့်ပျက်စီး သွားသော စာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်၊ ဝန်ထမ်းများ လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေချောမွေ့စေရေး အတွက်တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်ပေးသွားရန် မှာကြားပြီး ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာရှိ ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့သော အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားပြန်လည်ပြုပြင်တည်ဆောက်ရာတွင် Sheet Pile ရိုက်ခြင်း၊ Cement Grouting ထိုးခြင်း၊ စကျင်ကျောက်ပြားကပ်ခြင်းနှင့် အင်းလေးဒေသ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အသုံးပြုမည့် စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ နမ့်ပန် ကျေးရွာ၊ မော်တော်ဇုန်လှေဆိပ်၌ ရောက်ရှိနေမှုအခြေအနေများအား သွားရောက်ကြည့်ရှု၍ စက်ယန္တရားများ အင်းလေးဒေသသို့ အန္တရာယ်ကင်းရှင်းစွာအချိန်မီရောက်ရှိအောင် သယ်ဆောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အင်းလေးဖောင်တော်ဦးဘုရားသို့ ရောက်ရှိကြပြီး အင်းလေးဖောင်တော်ဦးဘုရား ကိန်းဝပ်ရာ ရတနာစံကျောင်းတော်ကြီး အောင်ခြေ RC ကွန်ကရစ်တိုင်များ ခိုင်ခံ့မှု ရှိ/မရှိ စစ်ဆေးနိုင်ရန် ပြန်လည်တူးဖော်နေသည့် လုပ်ငန်းအခြေအနေများ နှင့်ရင်ပြင်တော်၍ စကျင်ကျောက်ပြားများ ပြန်လည်တူးဖော်နေသည့် လုပ်ငန်းအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် သာလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယာယီဖွင့်လှစ်ထားသည့် ငလျင်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်သင့်ပြည်သူများအား သွားရောက် တွေ့ဆုံ အားပေးစကားပြောကြားပြီး မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုအသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများ၏ တင်ပြချက်များအပေါ်လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။