တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ
နေပြည်တော် ဧပြီ ၂၀
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေး သင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသည့် Air China ၊ Cargo Flight(ကယ်ဆယ်ရေးပစ္စည်း)လေယာဉ် သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သတ္တမအကြိမ်မြောက်ထပ်မံ ရောက်ရှိလာခဲ့သည်။
အဆိုပါAir China၊ Cargo Flight(ကယ်ဆယ်ရေးပစ္စည်း)လေယာဉ်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆေးပစ္စည်းများ စုစုပေါင်း (၆၀၃၀)ပုံး (၉၃၂၃၅) kg ပါရှိပြီး ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့် တာဝန်ရှိသူတို့လိုက်လံကြည့်ရှု၍ လက်ခံကြိုဆိုကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ နေပြည်တော်သို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။