ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဧပြီ ၂၁

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌   ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို    တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့်   ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် စစ်ကိုင်းတပ်နယ်မှ တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊စီတီးရပ်ကွက်ရှိရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အိုးဘိုရပ်ကွက်နှင့် ရွာထောင် ရပ်ကွက်နေရာများသို့ သွားရောက်၍အပျက်အစီးများရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းတောင်ရိုးရှိ ငလျင်ဒဏ်သင့် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ယောဂီများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများအား နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံလှူဒါန်းရာ ဆရာတော်ကြီးကိုယ်စား  ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက လက်ခံရယူသည်။ ထို့နောက် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ယာယီဆေးရုံ၌ မလေးရှားနိုင်ငံဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကိုကြည့်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည်    မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ခရိုင်တရားရုံး၊ ခရိုင်ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်သို့လည်းကောင်း သွားရောက်၍ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့်တာဝန်ရှိသူများသည်ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာ၊ ချမ်းအေးသာစံမြို့နယ်ရှိ     Golden City Hotel နေရာနှင့် တိုင်းသမဝါယမဦးစီးမှူးရုံးနေရာများသို့ သွားရောက်၍  အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူများနှင့်    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့်တာဝန်ရှိသူများသည်ငလျင်ဒဏ်ကြောင့်   ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အမရပူရမြို့နယ်ရှိ   ဆင်ဖြူမယ်ကျောင်းတိုက်နှင့် ရွှေအိုးရ ရွှေဖားရကျောင်းတိုက်များသို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းတိုက်ဆရာတော်များအား ဖူးမြော်ကာ   အပျက်အစီးများဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်သည်    တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဆည်မြို့၊စုကြီးရပ်ကွက်၊ရွှေမုဋ္ဌောဘုရားဓမ္မာရုံ၌    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူလိုက်ပါ၍   မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်နှင့်နည်းပညာရှင်များ၊ တာဝန်ရှိသူများဖြင့် အစည်းအဝေးပြုလုပ်ခဲ့ရာ   ကျောက်သေတ္တာကြီး မူလအခြေအနေမှ တိမ်းစောင်းသွားမှုအခြေအနေ၊ လက်ရှိတည်ရှိနေမှုအခြေအနေများကို ဒရုန်းဖြင့် ရိုက်ကူးထားသော Video Clip များ၊ မှတ်တမ်းဓာတ်ပုံများအား အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီးဆက်လက်ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေး ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက်ကျောက်ဆည်မြို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ ကျောက်သေတ္တာစေတီမွမ်းမံပြင်ဆင်ရေးလုပ်ငန်းများ၊အလှူငွေ ရရှိ/ ထိန်းသိမ်း/စီမံခန့်ခွဲရေးလုပ်ငန်းများ၊ ကျောက်ဆည်မြို့မဈေးကြီးသည် လတ်တလောဖွင့်လှစ်နိုင်ခြင်းမရှိသေးသဖြင့်   စည်ပင်သာယာရေးပိုင်နယ်နိမိတ်ဖြစ်သော ဖောင်းရွာရပ်ကွက်၂၀ ဒသမ ၅၆ မြေဧကအကျယ်ရှိ ဖောင်းရွာကွင်း၌ ယာယီဈေးဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက်ကူမဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လမ်းခွ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ကူမဲ)ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီးယခုနှစ်ပညာသင်နှစ်တွင် စာသင်ကျောင်းများအလိုက် ကျောင်းအပ်လက်ခံမည့်ကျောင်းသား၊ ကျောင်းသူ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာဖြင့်ပညာသင်ကြားနိုင်ရေးနှင့်ပျက်စီးသွားသော   စာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်၊ ပရိဘောဂပစ္စည်းများနှင့် စာသင်ခုံများစနစ်တကျ ပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန်၊မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ကျောက်ဆည်ခရိုင်အတွင်းရှိ ထိခိုက်ပျက်စီးသွားသော စာသင်ကျောင်းများမှ အပျက်အစီးများကို ၂၂-၄-၂၀၂၅ ရက်နေ့အပြီး ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ရွှေဘုံသာစေတီ၌ ပြိုကျပျက်စီးခဲ့သော ဘုရားစေတီများ၊ သာသနိကအဆောက်အဦများအား   သွားရောက်ကြည့်ရှုခဲ့ပြီးပြန်လည်ပြုပြင်မွမ်းမံမည့်အစီအမံများအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။