သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု အားပေး
သာယာဝတီ ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဧပြီလ ၂၀ ရက် က သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေး မြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သည် သာယာဝတီမြို့နယ် မကျီးကွင်းကျေးရွာအုပ်စု၌ နွေနှမ်းပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ဆက်လက် ၍ တောင်သူများအနေဖြင့် တစ်နှစ်နှစ်သီးသာ စိုက်ပျိုးပြီး လှပ်ထားသည့် လယ်ယာမြေများ၌ နောက်ထပ် တစ်သီးထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီ သည့် သီးနှံရွေးချယ် စိုက်ပျိုးရေး ကွင်းဆင်းသရုပ်ပြ စိုက်ပျိုးရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေါ်နေခြည်ဝင်း၏ ငွေနှင်းမှိုစိုက်ပျိုးရေးခြံသို့ ရောက်ရှိပြီး ငွေနှင်းမှိုစိုက်ပျိုးမှုအဆင့်ဆင့်၊ ဈေးကွက် ရရှိမှုအခြေအနေများနှင့် သဘာဝမြေဆွေး၊ ဗေဒါရိုး နှင့်ကတ်ထူစက္ကူသာအသုံးပြု၍ မှိုစိုက်ပျိုးခြင်းကို ကြည့်ရှုကာ မိသားစုတစ်နိုင်တစ်ပိုင် ဝင်ငွေတိုးတက် ရရှိနိုင်သည့် အခွင့်အလမ်းဖြစ်၍ ရပ်ကွက်/ကျေးရွာ များအတွင်း မှိုစိုက်ပျိုးခြင်းလုပ်ငန်း တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး အသိပညာပေးခြင်း နှင့် သင်တန်းပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီစိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းသို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများမှ သင်ကြားမှု အထောက်အကူပြုစံပြ ဘဲမွေးမြူထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးကာ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထူးပြု ကျောင်းသား၊ ကျောင်းသူများအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် သဘာဝပိုးသတ်ဆေးပြုလုပ်ခြင်း၊ သဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ဒေသစာဖြင့် မွေးမြူနိုင်ရေး မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ် သင်တောရိုးကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း စနစ်တကျစံပြလယ်ယာ မြေ ၂၀၅ ဧက၌ နွေစပါးစိုက်နည်းစနစ် ယှဉ်ပြိုင်စိုက်ခင်းကို ကွင်းဆင်းကြည့်ရှုအားပေးပြီး စိုက်ပျိုး ချိန်မှစတင်၍ တောင်သူများအား ခေါ်ယူပြသခြင်း၊ ပင်ပွားနှုန်း ယှဉ်ပြိုင်ပြသခြင်း၊ ရိတ်သိမ်းချိန် အထွက် နှုန်းယှဉ်ပြိုင်ပြသခြင်း အပြင် စိုက်နည်းစနစ် ပြောင်းလဲခြင်းနှင့်အတူ ပေါင်းမြက်နှိမ်နင်းမှုလွယ်ကူခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိခြင်း၊ သွင်းအားစုထည့်သွင်းမှု သက်သာခြင်း၊ စိုက်ကွက်ပြည့်မီ၍ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိခြင်း စသည့်အကျိုးကျေးဇူးများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ကျေးရွာအလိုက် မျိုးယှဉ်ပြိုင်စံပြကွက်များ၊ စိုက်နည်းစနစ် ယှဉ်ပြိုင်စံပြကွက်များ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားကြောင်း သိရသည်။