ကျောက်ဆည်စက်မှုနယ်မြေရှိ ဘိလပ်မြေစက်ရုံများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၂၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်း တွင် ကျောက်ဆည်စက်မှု နယ်မြေရှိ သံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံက ငလျင်လှုပ်ခတ်မှုကြောင့် မီးသင်းဖိုအဆောက်အအုံ၊ ဗဟိုဓာတ်ခွဲခန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်အလုပ်ရုံ၊ ဘိလပ်မြေကြိတ်အလုပ်ရုံများ ပျက်စီးခဲ့မှုအခြေအနေ၊ စက်ရုံပြန်လည်လည်ပတ်နိုင်ရေး အတွက် စစ်ဆေးပြုပြင်မှုများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း
တင်ပြရာ ပြည်ထောင်စုဝန်ကြီးက မတ်လ၂၈ ရက်က ပြင်းထန်သည့် မန္တလေးငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ ကျောက်ဆည်မြို့၊ နေပြည်တော်တို့ရှိ ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ အစိုးရရုံးအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ၊စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ များစွာထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါထိခိုက် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ များစွာလိုအပ်လျက်ရှိကြောင်း၊ စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို အမြန်ဆုံးပြီးစီးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း မှာကြားပြီး စက်ရုံအတွင်း ငလျင်ကြောင့်ထိခိုက် ပျက်စီးခဲ့မှုနှင့် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြံ့နှစ်ကောင်ဘိလပ်မြေ စက်ရုံတွင် တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် ၅၀၀၀ စီ ထုတ်လုပ်နိုင်သည့် လိုင်းနှစ်လိုင်းတပ်ဆင်ထားရှိပြီး ကုန်ထုတ်လိုင်း တစ်လိုင်းအား မေလ ၁၅ ရက်တွင် ပြန်လည်လည်ပတ်နိုင်ရေး ဦးတည်၍ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနနှင့် Myanmar Conch Cement Co.,Ltd. တို့ အကျိုးတူပူးပေါင်း၍ ဘိလပ်မြေများ ထုတ်လုပ်လျက်ရှိသည့် အမှတ်(၃၃)အကြီးစားစက်ရုံ(ကျောက်ဆည်)သို့ရောက်ရှိပြီးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးသင်းဖိုအား ပြုပြင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများအား စစ်ဆေးပြုပြင်နေသည့် ကျွမ်းကျင်ပညာရှင်များအား သစ်သီးခြင်း လက်ဆောင်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်း၊ အဆောက်အအုံများအား သတ်မှတ်အချိန်တွင် ပြီးစီးရေးအတွက် လက်တွေ့ကျသည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအား သတ်မှတ်အချိန်မတိုင်မီ လည်ပတ်နိုင်ရေးအတွက် စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို နေ့ဆိုင်း၊ ညဆိုင်းများဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စက်ရုံအတွင်း ပျက်စီးခဲ့သည့် အခြေအနေများကို သင်ခန်းစာဖော်ထုတ်၍ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သော ဘိလပ်မြေများကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း)သို့ရောက်ရှိပြီး ငလျင်လှုပ်ခတ်မှုကြောင့် စက်ရုံအတွင်း ပျက်စီးခဲ့သည့် အဆောက်အအုံများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြိုကျခဲ့သည့် အဆောက်အအုံများအား ရှင်းလင်းဖယ်ရှားနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ် မဖြစ်ပွားစေရေး သတိပြုဆောင်ရွက်ရန်၊ အန္တရာယ်ရှိ အဆောက်အအုံများကိုလည်း သတိပေး ဆိုင်းဘုတ်များ တပ်ဆင်ထားရန်၊ ငလျင်လှုပ်ခတ်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဝန်ထမ်းများအား ကျန်းမာရေးကောင်းမွန်သည်အထိ ဆေးဝါးကုသမှုရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။