ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၃)အပြီးတွင် ဆောက်သမ်တန်အသင်း အစ်ဝှစ်ချ်အသင်းနှင့် လက်စတာအသင်းတို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းခဲ့ရ
လန်ဒန် ဧပြီ ၂၁
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၃)အပြီးတွင် ဆောက်သမ်တန်အသင်း၊ အစ်ဝှစ်ချ်အသင်းနှင့် လက်စတာ အသင်းတို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းခဲ့ရ ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်နေသည့် ဆောက်သမ်တန်အသင်း သည် ပွဲစဉ်(၃၂) ပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းခဲ့ရခြင်းဖြစ်ပြီး အစ်ဝှစ်ချ်အသင်းနှင့် လက်စတာအသင်းတို့ အနေဖြင့် ပွဲစဉ်(၃၃) တွင်ပြိုင်ဘက်အသင်းများကို အသီးသီးရှုံးနိမ့်ခဲ့သည့် အတွက် ပြိုင်ပွဲပြီးဆုံးရန် ငါးပွဲအလိုတွင်ပင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှ တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၃) တွင် လက်စတာ အသင်းသည် လီဗာပူးအသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အစ်ဝှစ်ချ်အသင်းသည် အာဆင် နယ်အသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၃)အပြီးတွင် ဆောက်သမ်တန်အသင်းက ရမှတ် ၁၁ မှတ်ဖြင့် အဆင့်(၂၀)၊ လက်စတာအသင်းက ရမှတ် ၁၈ မှတ်ဖြင့် အဆင့်(၁၉) နှင့် အစ်ဝှစ်ချ်အသင်းက ရမှတ် ၂၁ မှတ်ဖြင့် အဆင့် (၁၈)နေရာ၌ရပ်တည်နေပြီး ဆောက်သမ်တန်အသင်း နှင့် လက်စတာအသင်းတို့ အနေဖြင့် လက်ကျန်ငါးပွဲစလုံး အနိုင်ရရှိခဲ့လျှင်လည်း လိုက်မီနိုင်မည်မဟုတ်ဘဲ အစ်ဝှစ်ချ်အသင်း အနေဖြင့် လက်ကျန်ငါးပွဲစလုံး အနိုင်ရရှိပြီး ဝက်စ်ဟမ်းအသင်းက ငါးပွဲစလုံးရှုံးနိမ့် ခဲ့လျှင်လည်း ရမှတ်ကွာခြားချက်ဖြင့် လိုက်မီနိုင်မည် မဟုတ်သည့်အတွက် တန်းဆင်းရန် သေချာစေခဲ့ခြင်း ဖြစ်သည်။
ဆောက်သမ်တန်အသင်း၊ အစ်ဝှစ်ချ်အသင်းနှင့် လက်စတာအသင်းတို့သည် ပြီးခဲ့သည့်ဘောလုံးရာသီ က အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲတွင် လက်စတာအသင်း က ချန်ပီယံဆု ဆွတ်ခူးနိုင်ပြီး တန်းတက်လာခဲ့ခြင်း ဖြစ်သည်။ အစ်ဝှစ်ချ်အသင်းကလည်း အဆင့်(၂)နေရာမှ တန်းတက်နိုင်ခဲ့ပြီး ဆောက်သမ်တန်အသင်းသည် ရှုံးထွက်အဆင့်မှ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်လာနိုင်ခြင်းဖြစ်သည်။ အဆိုပါသုံးသင်းအနေဖြင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် တစ်ရာသီသာ ကစားခွင့်ရရှိပြီးနောက် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပြန်လည် တန်းဆင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။