၂၀၂၅ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ရေကြောင်းနှင့်လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများစတင်ဖွင့်လှစ်
ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက်ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ် အသီးသီး၌ တစ်ချိန်တည်း စတင်ဖွင့်လှစ်ကြသည်။
ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက်သော လူငယ်၊လူရွယ်များပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အရေးပါကြောင်း လူငယ်များသိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အားကစားနည်းများအတွက် ထူးချွန်သည့်အားကစားသမားများမွေးထုတ်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ်များအတွက် ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းဖွင့်လှစ်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်း လူငယ်စခန်းများ၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးတို့ဖြင့် အသီးသီးဖွင့်လှစ်ကြပြီး အဆိုပါသင်တန်းဖွင့်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော်ရွက်တိုက်နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများအားသင်တန်းစတုတ္ထပတ်၌ ရန်ကုန်မြို့တွင်စုစည်း၍ စခန်းပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများလည်း ပြုလုပ်သွားမည်ဖြစ်သည်။
၎င်းအပြင် လေ့လာရေးခရီးစဉ်များအဖြစ် နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရနေရာများ၊ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာလေ့လာရေးနှင့် စစ်ရေယာဉ်လေ့လာရေးများအပြင် ရန်ကုန်မြစ်ဝသို့ ရေလမ်းကြောင်းလေ့လာရေးခရီးစဉ် ပို့ဆောင်ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို မေလ ၂၃ ရက်အထိ ရက်သတ္တ ၅ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ယင်းသင်တန်းများကို ၁၉၅၉ ခုနှစ်မှစတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၅၇၅၀ ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ အလားတူ ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များနွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လေကြောင်းပညာသမိုင်းကိုလေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံ ပညာရပ်များတွင် စိတ်၀င်စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော ပညာရပ်များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက် အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန် နှင့် လူငယ်များ၏ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက်သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ခံယူချက်မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သင်တန်းစခန်း အပါအဝင် သင်တန်းစခန်း ၁၅ ခု၌ ကျင်းပသည်။
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊ နေပြည်တော်သင်တန်းစခန်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်း လူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့) ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ တန်းမြင့်လေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံ ဗဟုသုတ၊ Airfield Procedure၊ RCလေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ် ရေးကြိုးပမ်းမှုနဲ့ တပ်မတော်သမိုင်းကြောင်းဘာသာရပ်များ ထည့်သွင်းပို့ချပေး သွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များ ပြုပြင်ထိန်းသိမ်းရေးအလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့အပြင် သင်တန်းစခန်းများအလိုက် ထူးချွန်သင်တန်းသားများကို အမောင်းသင်လေယာဉ်/ ရဟတ်ယာဉ်များအား နည်းပြဆရာများနှင့်အတူ ကိုယ်တိုင်လိုက်ပါမောင်းနှင်ပျံသန်းခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ နေပြည်တော်ကောင်စီ နယ်မြေ၌ စုဖွဲ့ချိန်တွင်လည်း အခြေခံလေကြောင်းလူငယ်သင်တန်းသားများအားအခြေခံစစ်ရေးပြ(လက်နက်မဲ့) ပြိုင်ပွဲ၊ RC Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး တန်းမြင့်လေကြောင်း လူငယ်သင်တန်းသားများအား အခြေခံစစ်ရေးပြ (လက်နက်ပါ)ပြိုင်ပွဲ၊ Flight Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်သည်။
သင်တန်းကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ တန်ခိုးကြီးဘုရားများ၊ အထင်ကရနေရာများ၊ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ်များကို လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး တပ်မတော်လေယာဉ်နှင့် တပ်မတော်စစ်ရေယာဉ်များကိုပါလိုက်ပါစီးနင်းခွင့် ရရှိအောင်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် အတွေ့အကြုံအသစ်များဗဟုသုတအသစ်များ ရရှိမည်ဖြစ်သည်။
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(လေ)နှင့် တာဝန်ရှိသူများက သင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ခင်းကျင်းပြသထားသော သင်ထောက်ကူ ပစ္စည်းများနှင့် တပ်မတော် (လေ)ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်းနှင့် မိတ္ထီလာသင်တန်းစခန်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့တွင် မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်း၊ မင်္ဂလာဒုံမြို့တွင် ရန်ကုန်သင်တန်းစခန်း၊ ကိုကိုးကျွန်းမြို့တွင် ကိုကိုးကျွန်းသင်တန်းစခန်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မော်လမြိုင်သင်တန်းစခန်း၊ ရှမ်းပြည်နယ် နမ့်စန်မြို့တွင် နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးမြို့တွင် တောင်ကြီးသင်တန်းစခန်း၊ ကျိုင်းတုံမြို့တွင် ကျိုင်းတုံသင်တန်းစခန်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် တောင်ငူသင်တန်းစခန်း၊ ပြည်မြို့တွင် ပြည်သင်တန်းစခန်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်သင်တန်းစခန်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မကွေးသင်တန်းစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်သင်တန်းစခန်းတို့အား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတိုင်းမှူးများ၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါအခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းများအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ မေလ ၂၃ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။