အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
နေပြည်တော် ဧပြီ ၂၂
ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာ၊ သာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင်ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင် နှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မော်လမြိုင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်တာဝန်ရှိသူများက ယဉ်ကျေးလိမ္မာသင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက (၃၈) ဖြာမင်္ဂလာကဗျာများဖြင့် သီဆိုသရုပ်ပြမှုအား ကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ သင်တန်းကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ ၈၀ ဦးဖြင့် မေလ ၂ ရက်အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။