စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဝံသ ဆရာတော်ဘုရားကြီး၏  ဥတုဇရုပ်ကလာပ်တော်အားဖူးမြော်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ရန်ကင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တပညာဝံသ ဆရာတော်ဘုရားကြီး၏  ဥတုဇရုပ်ကလာပ်တော်အားဖူးမြော်

နေပြည်တော်  ဧပြီ   ၂၂

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလဆုတ် ၆ ရက်၊ မြန်မာနှစ်ဆန်း ၂ ရက်၊ ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်၊ နံနက် ၇ နာရီတွင်  ပျံလွန်တော်မူခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊      မုံရွာမြို့ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မဝါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ဦးစီးပဓာနနာယကဆရာတော် ဒွိပိဋကကောဝိဒ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဝံသ (သက်တော် ၇၂ နှစ်၊ သိက္ခာတော် ၅၂ ဝါ) ၏ ဥတုဇရုပ်ကလာပ်တော်အား မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်၌ အပူဇော်ခံထားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊တိုင်းမှူး  ဗိုလ်မှူးချုပ်မျိုးမင်းထွေးနှင့်တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက်   တိုင်းမှူးနှင့်တာဝန်ရှိသူများသည်   ဆရာတော်ကြီး၏  အန္တိမ အဂ္ဂိဈာပန သာဓုကိဠနသဘင်အခမ်းအနားအတွက်  နဝကမ္မအလှူငွေများလှူဒါန်းရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလကွယ်၊ ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ၂၆ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် အဂ္ဂိဈာပနကွင်းသို့   ပင့်ဆောင်မီးပူဇော်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။