ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

 

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်

နေပြည်တော်   ဧပြီ   ၂၂

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ   နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲများ    ပြုလုပ်ကြသည်။သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက်   ကျောင်းအုပ်ကြီးများကသင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍   ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသားများအားတွေ့ဆုံကာ    သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင်ပစ္စည်းများပေးအပ်ကြပြီး   သင်တန်းသားများအားလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို     ထိန်းသိမ်း စောင့်ရှောက်ရန်    နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့်    ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက်     စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍   ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို    ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့်   ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည်  တာဝန်ကျရာတပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုဦးလည်မသုန်ကျေပွန်စွာထမ်းဆောင်နေကြပြီဖြစ်သည်။        

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန်   သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ်-

“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာကတော့ နိုင်ငံအတွက်မဖြစ်မနေ ထမ်းဆောင်သင့်တဲ့ သတ်မှတ်ပေးထားတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံအတွက်မဖြစ်မနေ ထမ်းဆောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သင်တန်းပြီးသွားတဲ့ကာလ ကျွန်တော်တို့အတွက် အကျိုးအမြတ်အများကြီးရှိမှာပါ။ ကျွန်တော်တို့လူငယ်အများစုက လွတ်လွတ်လပ်လပ်နေကြရတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပိတ်မိနေတာ    အများကြီးရှိပါတယ်။ အဲ့အတွက်ကြောင့်မို့လို့     တပ်မတော်ထဲရောက်လာတဲ့အခါ စည်းမျဉ်းစည်းကမ်းတွေ၊လူမှုဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့အရာတွေသင်ယူပြီးသား ဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လုပ်ငန်းပိုင်းရော လူမှုဆက်ဆံရေးရော  အများကြီးအဆင်ပြေတိုးတက် သွားလိမ့်မယ်လို့  ကျွန်တော်ထင်ပါတယ်။ သင်တန်းကာလမှာ ကျွန်တော်တို့ကြုံခဲ့ရတဲ့အရာတွေကတော့  အပြင်မှာကြားနေရတဲ့ဟာတွေ ဆိုရှယ်မီဒီယာပေါ်မှာ မြင်နေရတဲ့ ဟာတွေနဲ့တခြားဆီ      အဲလောက်ထိကြောက်စရာမကောင်းတာမို့လို့   သိပ်ပြီးခေါင်းထဲမှာ   pressure  သိပ်မများပါနဲ့ တကယ်လို့ ကိုယ်တာဝန်ကျတာပဲဖြစ်ဖြစ် ကိုယ့်အသိစိတ်နဲ့ပဲဖြစ်ဖြစ် ဝင်လာမယ်ဆိုရင် ကိုယ့်ရှေ့ကလူတွေကလည်း    အများကြီးကြိုဆိုနေမှာဖြစ်တဲ့အတွက်ကြောင့် ရဲရဲကြီးဝင်လာဖို့ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။

“နိုင်ငံသားတစ်ယောက်ဖြစ်လာတဲ့အတွက်ဒီနိုင်ငံကချမှတ်ထားတဲ့ဥပဒေကို လေးစား လိုက်နာဖို့လည်းလိုအပ်တယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်က ပြည်သူ့စစ်မှုထမ်းဥပဒေထဲမှာ ကျွန်တော်လည်း အသက်အကန့်အသတ်ထဲမှာ ပါဝင်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်     နိုင်ငံသားတာဝန်ကျေပွန်ဖို့အတွက်စစ်မှုထမ်းဖို့ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ရှေ့လျှောက်ပြီး သင်တန်းကာလပြီးသွားတဲ့အခါမှာ  ကိုယ်တာဝန်ထမ်းဆောင်ရမယ့်     မိခင်တပ်ရင်းကိုကျရောက်တဲ့အခါမှာလည်း တပ်မတော်ကပေးအပ်တဲ့တာဝန်တွေ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်သွားဖို့ ဆုံးဖြတ်ချက်ချထားပါတယ်”   ဟုပြောသည်။