ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ေပြည်တော် ဧပြီ ၂၂
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့်ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ် အောင်မြတ်စွာဘုရား၏ ဓမ္မာဒူတရောင်ခြည်ဓမ္မာရုံ၌ လေးကျွန်းမာရ်အောင်မြတ်စွာဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော ဆရာတော်များထံမှ ဆုံးမဩဝါဒစကားခံယူကြသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးခန်း၊ နန်းစုရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပိုးတန်းရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ဓာတ်ပေါင်းစေတီကျောင်းတိုက်၊ မင်းလမ်းရပ်ကွက်ရှိ ရတနာဗိမာန်ထူပါရုံရွှေကျောင်းတိုက်၊ တကောင်းရပ်ကွက်ရှိ မဟာစေတီနှင့် နန်းဦးမြို့သစ်ရှိ မရှိခဏစေတီတို့၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများကို လည်းကောင်း၊တကောင်းရပ်ကွက်ရှိ စကုမှော်ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ သွားရောက်၍ ကျန်းမာရေးဆိုင်ရာများနှင့် စည်းကမ်းစနစ်တကျရှိစေရေးအတွက်လည်းကောင်း၊ စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်၊ ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံနှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးအဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်နှင့် ဥမင်သုံးဆယ်စေတီတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများနှင့် အရန်စေတီများ၏ အပျက်အစီးများအား ရှင်းလင်းနေမှုများကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်၊ သံပုဏ္ဏာရာမကျောင်းတိုက် ကျောင်းပရိဝုဏ်အတွင်း၌ ငလျင်ဒဏ်သင့် ရဟန်း၊ သံဃာ၊ သီလရှင်၊ ပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေး၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ငလျင်ဒဏ်သင့်နေရာများရှိ ဆောင်ရွက်ရန်ကျန် အဆောက်အအုံအပျက်အစီးများစနစ်တကျစစ်ဆေး အဆင့်သတ်မှတ်ချက်အရောင်များ ခွဲခြားသတ်မှတ် ၍ အမြန်ဆုံးဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တို့တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်တို့သည် မန္တလေးနန်းမြို့တွင်းရှိ နန်းမြို့ဆုတောင်းပြည့်ဘုရားနှင့် နန်းမြို့ရိုးပတ်လည်တွင် ငလျင် ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများရှင်းလင်းဖယ်ရှားပြီး ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပစစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် အခြားလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်သည် မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၊ အမရပူရမြို့နယ်ရှိ တောင်မင်းကြီးမြတ်စွာဘုရားနှင့် ဦးပိန်တံတားနေရာတို့၌ အပျက်အစီးများဖယ်ရှားရှင်းလင်းပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့များအား စားသောက်ဖွယ်ရာများပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်နှင့်တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စဉ့်ကိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(စွန်ရဲ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဘဲလင်း)တို့သို့ သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် မြို့မိမြို့ဖများစုပေါင်း၍ ပြိုကျပျက်စီးသွားသောအပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေမှုများ၊ ကျောင်းအတွင်း/အပြင်သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်နေမှုများအားကြည့်ရှုပြီး အချိုရည်နှင့် ရေသန့်ကတ်များ ပေးအပ်သည်။
၎င်းနောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မြစ်သားမြို့နယ်၊ တောင်တော် ကွင်းရှိ Green Power Energy မှ ဆိုလာပိုင်များထိခိုက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပြတ်တောက်သွားခဲ့ရာမှယခုအခါပြန်လည်ပြင်ဆင်ပြီး ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။