မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့်  မာလဝီနိုင်ငံသားသုံးဦးကို   မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့်  မာလဝီနိုင်ငံသားသုံးဦးကို   မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်

နေပြည်တော်    ဧပြီ   ၂၃

မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်   ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation)ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု(Online Scam)နှင့်အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသားစုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် မာလဝီနိုင်ငံသားသုံးဦးကို မြန်မာ-ထိုင်း  အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့်နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့်အဆင်ပြေချောမွေ့စေရေးအတွက်  ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများကို  လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။

ထို့နောက်  ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နှင့်တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ မာလဝီသမ္မတနိုင်ငံသံရုံးမှ Deputy Ambassador Mr.Oliver K.Chimphambano နှင့်တာဝန်ရှိသူများ၊ထိုင်းနိုင်ငံ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ   တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း  လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။

၂၀၂၅  ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၃၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ  ၇၃၁၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ပြည်ပနိုင်ငံသား ၁၇၂၀ ဦးကို   သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်၎င်းတို့ကို  ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ်စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့်  အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအား အမျိုးသားရေးအသွင်ဖြင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။