မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိ

မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိ

နေပြည်တော်   ဧပြီ   ၂၃

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင် ကြီးမားစွာလှုပ်ခတ်မည်ဟုTiktok အကောင့်မှတစ်ဆင့်  မဟုတ်မမှန် သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက်   ၁၀၀၀ နာရီတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များမှမုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင်လမ်းရှိနေအိမ်သို့   သွားရောက်ရှာဖွေခဲ့ရာတရားခံ John (Palmistry) အကောင့်ပိုင်ရှင်  ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံအား  စိစစ်ဖော် ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့် လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်းအသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့်မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရှိရပါသည်။

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကော့ကရိတ်မြို့မှတစ်ဆင့် KNDO တပ်ရင်း(၆)သို့ သွားရောက်ခဲ့ပြီး အဆိုပါKNDO တပ်ရင်း(၆)၌ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား သင်တန်းသား ၇၅ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ၎င်းနောက်အကြမ်းဖက်အဖွဲ့အစည်းများအတွက်အွန်လိုင်းမှတစ်ဆင့် အလှူငွေများကောက်ခံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတတိယပတ်ခန့်တွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် အောက်တိုဘာလ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကြောင်း၊ ၎င်းနောက်နိုဝင်ဘာလ ၁၄ ရက်တွင် မုံရွာမြို့၊ အမှတ်(၁)ရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က)တို့ဖြင့်  အမှုဖွင့်လှစ်ခဲ့ပြီး မုံရွာခရိုင်တရားရုံးမှ ၂၀၂၂ ခုနှစ်၊အောက်တိုဘာလတွင် ထောင်ဒဏ် ၂ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် မန္တလေးမြို့ရှိလူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း၌ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရှိရပါသည်။

ဂျွန်မိုးသဲအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက်ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလတွင် Johnmoe5.t  အမည်ဖြင့် Tiktok အကောင့်ဖွင့်လှစ်ကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့်ပတ်သက်သည့် Post များအားလည်းကောင်း၊  မြေငလျင်နှင့်ပတ်သက်သည့်Postများအားလည်း ကောင်းအများပြည်သူအထိတ်တလန့်ဖြစ် စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသား ဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့်၎င်းအား ဥပဒေအရထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး နောင်အလားတူ မဟုတ်မမှန်သတင်းအမှားများ ရေးသား ဖြန့်ဝေသူများကိုလည်း စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍သတင်းအတုသတင်းအမှားများကို မသမာသူများမှ ဖြန့်ဝေရေးသား ဖော်ပြလျက်ရှိသဖြင့် ယုံကြည်မှုမရှိရန်နှင့်သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် သတင်းများအား သက်ဆိုင်ရာမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တိကျစွာထုတ်ပြန်ပေးလျက် ရှိကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။