ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ရန်ကုန်၏ (၁၃)ကြိမ်မြောက်၊ (၁၄)ကြိမ်မြောက်၊ (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပ
ရန်ကုန် ဧပြီ ၂၅
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၏ (၁၃)ကြိမ်မြောက်၊ (၁၄)ကြိမ်မြောက်၊ (၁၅)ကြိမ်မြောက်နှင့် (၁၆)ကြိမ်မြောက်ဘွဲ့နှင်း သဘင်အခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည်။
ဦးစွာ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေး တက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်း၊ ပညာရေးအဖွဲ့ဝင်များနှင့် စီမံခန့်ခွဲရေး အဖွဲ့ဝင်များက ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။
ထို့နောက် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများက အဓိဋ္ဌာန်ပြုကတိသစ္စာရွတ်ဆို ကြပြီး ဘာသာရပ် အသီးသီးတွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာရေး)၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့၊ ဆေးရုံအုပ်ချုပ်မှု ပညာမဟာဘွဲ့၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့နှင့် အာဟာရပညာဒီပလိုမာဘွဲ့များအတွက် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများ အား ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ တင်ထွန်းက ဘွဲ့များအပ်နှင်းပြီး ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ယနေ့ကျင်းပသည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)၏ ဘွဲ့နှင်းသဘင်အခမ်း အနားများ၌ (၁၃)ကြိမ်မြောက် ဘွဲ့နှင်း သဘင်တွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာရေး) ငါးဦး၊ ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ခြောက်ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့ ခြောက် ဦး၊ ဆေးပညာသင်ကြားရေးဒီပလိုမာဘွဲ့ ၂၃ ဦးကိုလည်းကောင်း၊ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာ ရေး)တစ်ဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ ၁၄ ဦး၊ ဆေးရုံအုပ်ချုပ်မှု ပညာမဟာဘွဲ့ ၁၀ ဦးကိုလည်းကောင်း၊ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ ၁၅ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာ မဟာဘွဲ့ရှစ်ဦး၊ ဆေးပညာသင်ကြားရေး ဒီပလိုမာဘွဲ့ ၃၅ ဦး၊ အာဟာရပညာဒီပလိုမာ ဘွဲ့နှစ်ဦးကိုလည်းကောင်း၊ (၁၆) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ပါရဂူဘွဲ့(ပြည်သူ့ကျန်းမာရေး)ငါးဦး၊ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ ၁၄ ဦး၊ ဆေးရုံအုပ်ချုပ်မှုပညာမဟာဘွဲ့ ၁၁ ဦး၊ ဆေးပညာသင်ကြားရေး ဒီပလိုမာဘွဲ့ ၃၈ ဦးတို့အား ဘွဲ့များအပ်နှင်းခဲ့သည်။
ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)အနေဖြင့် ယခုဘွဲ့နှင်းသဘင်များအပါအဝင် ယနေ့အထိ ဘွဲ့ရရှိသူစုစုပေါင်း ၁၄၇၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။