ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးမြို့၊ အမရပူရမြို့နှင့်စစ်ကိုင်းမြို့တို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်ခွဲများ၏ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ လှည့်လည်ကြည့်ရှု
နေပြည်တော် ဧပြီ ၂၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မန္တလေးမြို့၊ အမရပူရမြို့နှင့် စစ်ကိုင်းမြို့တို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်ခွဲများ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံသည်။
နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ CB Bank၊ ကမ္ဘောဇဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို လည်းကောင်း၊ အမရပူရမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ကိုလည်းကောင်း၊ မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁)၊ မြန်မာနိုင်ငံသားများဘဏ်၊ CB Bank ၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်တို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် သက်ဆိုင်ရာဘဏ်ခွဲများမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှု စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနိုင်သည့် အခြေအနေ၊ ထိခိုက်ပျက်စီးမှုကြီးမား၍ ပြန်လည်မွမ်းမံ တည်ဆောက်နေသည့် ဘဏ်ခွဲများအား နီးစပ်ရာအခြားဘဏ်ခွဲများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေ၊ Customer များ၏ တောင်းဆိုချက်အပေါ် မူတည်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှု အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးနိုင်ရေး အတွက် Mobile Car များ၊ ATM ၊ Agent Banking၊ Digital Banking တို့ဖြင့် ဝန်ဆောင် မှုပေးနေသည့် အခြေအနေများနှင့် ပင်စင်စားများကို ပင်စင်ငွေထုတ်ပေးမှု၊ အပ်ငွေအသွင်း၊ အထုတ်၊ ငွေလွှဲဆောင်ရွက်ပေးမှု အခြေအနေများနှင့် အခြားလိုအပ်ချက်များ မေးမြန်းပြီး လိုအပ်သည်များပံ့ပိုးဆောင်ရွက်ပေးသည်။
ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)မှ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်များအား ဘဏ္ဍာငွေဖြည့်ဆည်းပေးနေမှု၊ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နေမှု၊ လုပ်ငန်းသုံးပစ္စည်းများရွှေ့ပြောင်းနေမှု၊ Data Centre ပြောင်းရွှေ့မည့်အစီအစဉ်များ၊ ငလျင်ဘေးသင့်သည့် နေရာမှ ဝန်ထမ်းအိမ်ရာ များရွှေ့ပြောင်းနေမှုနှင့် မန္တလေးဗဟိုဘဏ် ဘဏ်ခွဲအသစ် တည်ဆောက်နေသည့် အဆောက်အအုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဗဟိုဘဏ်ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။