ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်

 

ငလျင်က မဖြိုဖျက်နိုင်ခဲ့သော မြန်မာတို့ရဲ့အားမာန်

ဆောင်းပါးရှင်- မောင်မိုး

 

ယနေ့ ဧပြီလ ၂၈  ရက်နေ့ဟာ မန္တလေး ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ တစ်လတင်းတင်းပြည့်မြောက်ခဲ့တဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။  ဒီတစ်လတာအချိန်ကာလဟာ အစိုးရနဲ့   ပြည်သူအားလုံးအတွက် သာမန်အချိန်ကာလတွေထက် စိတ်ရောကိုယ်ပါ ပိုပြီးပင်ပန်းရုန်းကန်ခဲ့ကြရတာကိုလည်း မြင်တွေ့ခံစားနိုင်ပါတယ်။ ဒီလိုရုန်းကန်နေကြရပေမယ့်လည်း ငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာ ရှောင်လွှဲမရတဲ့ ဘေးအန္တရာယ်တွေပေါ်မှာ ဗုဒ္ဓတရားရဲ့အဆုံးအမတွေနဲ့အညီ စိတ်ဓာတ်ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြတ်သန်းကျော်လွှားနေမှုနဲ့အတူ အစိုးရနဲ့ ပြည်သူတို့အကြား နားလည်ယုံကြည်မှုများနဲ့   ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေမှုများကို ကြားသိနေရပါတယ်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းဟာ သမားရိုးကျခြိမ်းခြောက်မှုတွေမဟုတ်တဲ့ သဘာဝဘေးအန္တရာယ်တွေကို တစ်မျိုးမဟုတ်တစ်မျိုး ရင်ဆိုင်ကြုံတွေ့ ကျော်လွှားဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်းရန်   ခက်ခဲပြီး   ရေကြီးမှုတွေ၊ မြေပြိုမှုတွေ၊ မုန်တိုင်းတိုက်ခတ်မှုတွေ၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ တောမီးလောင်ကျွမ်းမှုတွေစတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး   ဖြစ်ပွားလာနိုင်တာဖြစ်တယ်။ ယနေ့မျက်မှောက်ကာလမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အစွန်းရောက်ရာသီဥတုဖြစ်စဉ်တွေကို  ကမ္ဘာ့နိုင်ငံအားလုံးကရင်ဆိုင်တွေ့ကြုံနေရပြီး မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ် မေလမှာ မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်  စက်တင်ဘာလမှာ ရာဂိမုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေကြောင့်   ရေကြီးရေလျှံဘေးကို ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။

မတ်လ ၂၈ ရက်နေ့ မြင်ကွင်းပုံရိပ်များ

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ အယုတ်အလတ်အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရှိ၊   လူမျိုးဘာသာ အသွေးအရောင်မခွဲခြား၊ အသက်အရွယ်မပိုင်းခြား၊ နိုင်ငံရေးအရောင်အသွေးမသိ နိုင်ငံတစ်ဝန်းရှိ သက်ရှိလူသားအားလုံးနဲ့ တိရစ္ဆာန်တွေအပေါ်  သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံ  မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး  သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ ဘူမိတိုင်းတာရေးဌာနက တွက်ချက်ဖော်ပြထားခဲ့ပါတယ်။

ထူးခြားမှုတစ်ခုအနေနဲ့  မန္တလေးငလျင်ကြီးမလှုပ်ခတ်မီ ငါးမိနစ်လောက်အလိုမှာ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ဝင်းရှိ ဆင်ဖြူတော်တွေဟာ ဝိုင်းပတ်၍  အော်ဟစ်နေကြောင်း  ပြန်လည်ကြားသိရခဲ့သောကြောင့် ငလျင်နဲ့ မိမိဘေးပတ်ဝန်းကျင်ရှိ  တိရစ္ဆာန်တွေရဲ့ဆက်စပ်နေမှုကိုလည်း သတိထားစရာတစ်ခုအဖြစ် မှတ်သားခဲ့ရပါတယ်။ ဒီလို မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွားဘဝတွေနဲ့ အခြေခံအဆောက်အဦ၊ လမ်း၊ တံတားအပါအဝင်   အမြတ်တနိုးတန်ဖိုးထား ကိုးကွယ်ရာဖြစ်တဲ့ ဘုရား၊ စေတီ၊ ကျောင်း၊ ကန်၊ ပုထိုးတွေ များစွာမြေခလဲပြိုခဲ့ရမှုအပေါ် နိုင်ငံသားတွေအနေနဲ့ ယူကျုံးမရမျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြရပေမယ့်လည်း နိုင်ငံတော်အစိုးရရဲ့ဦးဆောင်မှုနဲ့ ငါတို့တစ်တွေ    အတူတကွအမြန်ဆုံးပြန်လည်ထူထောင်နိုင်လိမ့်မယ်လို့ ယုံကြည်ထက်သန်တဲ့ စိတ်ဓာတ်အားမာန်တွေဟာလည်း မြန်မာနိုင်ငံသားအားလုံးရဲ့စိတ်ဝယ် ကြီးမားစွာဖြစ်ပေါ်နေတာကို ခံစားတွေ့မြင်ရပါတယ်။

အရေးကြီးရင် သွေးနီးတတ်တာ

မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲ အနေနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း  ချက်ချင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်တာတွေကို ပြင်ဆင်ဆောင်ရွက်စေခဲ့တယ်။ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ငလျင်ကြောင့်  သက်ရောက်ခဲ့တဲ့  အခြေအနေအရပ်ရပ်ကိုသုံးသပ်ကာ  ချက်ချင်းပင် တိုက်ရိုက်ထုတ်လွှင့်၍ ငလျင်ဒဏ်သင့်ဒေသတွေကို  အရေးပေါ်အခြေအနေ ကြေညာချက်အား   ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ အသိပေးကြေညာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလို နိုင်ငံတကာသို့ ချက်ချင်းအသိပေးဆက်သွယ်ဆောင်ရွက်နိုင်ခဲ့မှုတွေကြောင့်လည်း အိမ်နီးချင်းနိုင်ငံတွေ၊   အာဆီယံအသိုက်အဝန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီတွေ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့ကြပြီး အချို့ပိတ်မိနေသူတွေကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

အလားတူပင်    တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့  ကျွန်တော်တို့ နိုင်ငံသားတွေဟာ စေတနာသဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းကြရာမှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးနိုင်ငံအဖြစ် ရှိနေတာကို ဒီငလျင်ကြီးက သက်သေပြခဲ့ပါတယ်။ မြန်မာတို့ရဲ့ စိတ်ရင်းဓလေ့တွေဟာ ယခုကဲ့သို့ သဘာဝဘေးအန္တရာယ် တွေကြုံတွေ့လာရတဲ့အချိန် ဆင်းရဲချမ်းသာအဆင့်အတန်းမရွေး ငလျင်ဘေးဒဏ်သင့် ဒေသတွေဆီကို  လူအား၊  ငွေအားနဲ့ ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းတွေမှာ တတ်စွမ်းသရွေ့ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုမြင်ကွင်းများဟာလည်း “မြန်မာလူမျိုးတို့ရဲ့ အရေးကြီးရင် သွေးနီးတယ်” ဆိုတဲ့ အမျိုးသားစရိုက် လက္ခဏာတန်ဖိုးတွေကို  ဂုဏ်ယူစွာတွေ့ရှိရပါတယ်။နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအပေါ် မြန်မာတို့ရဲ့အစဉ်အလာဖော်ရွေမှု၊ ကြင်နာမှု၊ ဧည့်ဝတ်ကျေပွန်တတ်မှုနဲ့ ရိုးဂုဏ်တို့ကိုလည်း မပျက်မယွင်း တွေ့ရှိခဲ့ရပါတယ်။ နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့   ကျေးဇူးတင်တတ်၊ ကျေးဇူးဆပ်လိုကြတဲ့ စိတ်ရင်းကိုသာမက ရိုးသားဖော်ရွေ ပျူငှာတတ်ကြပုံတွေကို အံ့ဩဘနန်း ထုတ်ဖော်ပြောကြားခဲ့ကြသလို သူတို့ရဲ့ ဗီဒီယိုကင်မရာတွေနဲ့ မှတ်တမ်းရိုက်ယူကြတာ၊ လူမှုကွန်ရက်တွေမှာ မျှဝေကြတာကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာလည်း ငလျင်ဘေးဒဏ်သင့်ဒေသများမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စေတနာရှင်၊ အလှူရှင်များက ငွေသား ၁၀၄ ဒသမ ၄၄ ဘီလီယံ၊ အလှူပစ္စည်း  ၁၂  ဒသမ  ၄  ဘီလီယံ၊ စုစုပေါင်း  ၁၁၆  ဒသမ  ၈၄  ဘီလီယံ ကို  အစိုးရထံ  လှူဒါန်းပေးအပ်ခဲ့မှုတွေကို မြင်တွေ့ခဲ့ရပြီး  နိုင်ငံတော်အစိုးရအနေနဲ့လည်း   ၅၀၀   ဘီလီယံကို ကနဦးမတည်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို   အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အကြီးအကဲက မန္တလေးငလျင်ဘေးဒဏ်နှင့်စပ်လျဉ်းကာ “ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတဲ့နေရာတွေမှာကနဦးအနေနဲ့ အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှုတွေကို ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒုတိယပိုင်းအနေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံး ယခင်အတိုင်း ပြန်လည်သွားလာနိုင်ရေး ပြုပြင်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ တတိယပိုင်းအနေနဲ့ ပြိုကျနေဆဲဖြစ်တဲ့ အန္တရာယ်ရှိအဆောက်အဦများကိုဖယ်ရှား ရှင်းလင်းခြင်းလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊    မိမိတို့အနေနဲ့ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လမ်းတံတားများ၊ နိုင်ငံပိုင်အဆောက်အဦများပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်နဲ့ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း” လမ်းညွှန်ပြောဆိုထားရှိမှုနဲ့အတူ   သမိုင်းခေတ်အဆက်ဆက်  မြန်မာ့အရေးအခက်အခဲ မှန်သမျှကို မြန်မာနိုင်ငံသားတွေကသာ အဓိကရင်ဆိုင် ဖြေရှင်းကျော်လွှားခဲ့ကြရတာဆိုတာ ပကတိ  အရှိတရားတွေဖြစ်ပြီး ဒီမြေပေါ်မှာရှင်သန်နေကြသူတွေ အားလုံး စုပေါင်းရုန်းထကြရမယ်ဆိုတဲ့အသိတရားတွေနဲ့ အနာဂတ်မြန်မာပြည်ကို ဝိုင်းဝန်းတည်ဆောက်ကြရမှာဖြစ်ပါတယ်။

“မိုခါ”  မုန်တိုင်းကြီးကဲ့သို့   ရင်ဆိုင်ကျော်လွှားကြမည်

မန္တလေးငလျင်ကြီး  လှုပ်ခတ်ခဲ့တဲ့တစ်လပြည့်မြောက်ခဲ့တဲ့နေ့ဖြစ်တာနဲ့အတူ ဒီတစ်လတာကာလအတွင်း အစိုးရနဲ့ပြည်သူ အတူတကွ  အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့ကြရတဲ့အခြေအနေတွေဟာ ၂၀၂၃  ခုနှစ်  မေလအတွင်း ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့   မုန်တိုင်းမိုခါ(Mocha) ကို  ပြန်လည်သတိရမိစေခဲ့ပါတယ်။  မှတ်သားမိသလောက် မေလ၁၄ ရက်နေ့ နံနက်ပိုင်းမှာ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး  (Extremely Severe Cyclonic Storm) ဟာ ဆောင့်တိုက် လေတိုက်နှုန်း မိုင် ၁၀၀ ကျော်နဲ့ ရခိုင်ကမ်းရိုးတန်းအတွင်း စတင်ဝင်ရောက်လာပြီး စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ကျောက်ပန္တုအနီးမှဖြတ်ကျော်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်  အရှေ့မြောက်ဘက်သို့ ဖြတ်သန်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော် သတိပြုမိတာတစ်ခုကတော့  မုန်တိုင်းသတင်း စတင်ကြားကတည်းက နိုင်ငံတော်အစိုးရ၊ ဒေသအာဏာပိုင်၊    ပြည်သူလူထုနဲ့ တပ်မတော်တို့ဟာ   တစ်စိတ်တည်း၊အာရုံတစ်ခုတည်း၊  သတိရှိရှိနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာပဲ   ဖြစ်ပါတယ်။ တစ်နည်းပြောရရင်   ဒီလိုအချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် (Unity of Myanmar Spirit) ကို ပီပီပြင်ပြင် မြင်တွေ့ခဲ့လိုက်ရပါတယ်။  ဒီလိုမုန်တိုင်းအန္တရာယ် ထိထိရောက်ရောက်ကာကွယ်နိုင်ခဲ့မှုနဲ့   မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတော် အစိုးရ၊   တပ်မတော်၊   ဝန်ထမ်းတွေရဲ့စုပေါင်းစွမ်းအားနဲ့   ဆောင်ရွက်နိုင်ခဲ့တဲ့ရလဒ်ဟာ    ထင်ရှားသော    ဥပမာ တစ်ရပ်ဖြစ်ပြီး အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့ စံပြ Model တစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။

ယခုလည်း  ငလျင်သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ဟန့်တားရန် မဖြစ်နိုင်ခဲ့တဲ့အခြေအနေတွေကြောင့်မြန်မာပြည်သူလူထုအနေနဲ့ မန္တလေးငလျင်ဒဏ်အား ကြုံတွေ့ခဲ့ရပေမယ့် အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို အစိုးရနဲ့ ပြည်သူ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်မှုအားတွေ၊ မိတ်ဆွေနိုင်ငံတွေရဲ့   ကူညီဖေးမမှုတွေနဲ့အတူ ရှေ့ဆက်လျှောက်လှမ်းနေချိန်ပဲဖြစ်ပါတယ်။ ရှောင်လွှဲလို့မရတဲ့ သဘာဝဘေး အန္တရာယ်တွေကို မိုခါမုန်တိုင်းကြီးအား မြန်မာတို့ရဲ့  စိတ်ရင်း၊  မြန်မာတို့ရဲ့စိတ်ဓာတ်တွေနဲ့ပေါင်းစုကာ  ကျော်လွှားနိုင်သကဲ့သို့   ယနေ့မန္တလေးငလျင်ဘေးကြီးကိုလည်း အစိုးရနဲ့ ပြည်သူလူထုအကြား   နိုင်ငံရေးပယောဂတွေမြူမှုန်တစ်စမျှပင် လွှမ်းမိုးသက်ရောက်မခံဘဲ လက်တွဲကျော်ဖြတ် တည်ဆောက်သွားနိုင်ဖို့ လိုအပ်နေချိန်ဖြစ်ပါတယ်။

အခက်အခဲတွေကြားမှာ...  အမြဲရှိတဲ့ အခွင့်အလမ်းတွေ

ကြီးမားသောအခက်အခဲတွေကြားကရုန်းထွက်ရင်ဆိုင်ကျော်လွှားနိုင်သူတွေသာ ဝင့်ကြွားနိုင်ကြတာဟာ လောကနိယာမလို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံပေါင်းများစွာဟာ  မတူညီသော ဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရပြီး  ဒီလိုဘေးအန္တရာယ်တွေကို ကြုံတွေ့ရင်ဆိုင်ကြရတဲ့အချိန်တိုင်း ပြည်သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေထိခိုက်ပျက်စီးစေရုံသာမက အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့   အခြေခံ အဆောက်အဦတွေ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့နယ်ပယ်ကဏ္ဍမျိုးစုံ ယိုင်လဲပြိုပျက်မှုတွေ ကြုံခဲ့ရပါတယ်။ သာဓကအနေနဲ့ ကျွန်တော်တို့ရဲ့ အာရှရပ်ဝန်းရှိ ဂျပန်နိုင်ငံဟာ စစ်ဘေး၊နျူကလီးယားဗုံးဒဏ်နဲ့ ဆူနာမီငလျင်တွေကို တောက်လျှောက်ကြုံတွေ့ရင်ဆိုင်ခဲ့ကြရပေမယ့် ဂျပန်ပြည်သူတို့ရဲ့ မခံချင်စိတ်၊ ကြိုးစားချင်စိတ်နဲ့   ပြည်သူပြည်သား အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရုန်းကန် ချီတက်ခဲ့ကြလို့   ယနေ့ဂျပန်နိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ထည်ဝါစွာရပ်တည်နိုင်တဲ့ အနေအထားကိုလည်း အတုယူ လေးစားဖွယ်တွေ့မြင်နိုင်ပါတယ်။

ယနေ့မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးငလျင်ဘေးဒဏ်ကြီးကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းကြရမှာဖြစ်ပေမယ့်  ဆက်စပ်အခွင့်အလမ်းကောင်းများကို ဖန်တီးဆုပ်ကိုင်နိုင်ရေးဟာလည်း မြန်မာနိုင်ငံသားတို့ရဲ့ မလျော့သောလုံ့လစိတ်ဓာတ်တွေအပေါ်မှာ များစွာမူတည်နေပါတယ်။  မိမိတို့နိုင်ငံအပေါ်ပြည်ပြေး၊ ပြည်ဖျက်အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ထိုးနှက်ချက်တွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ သတင်းအမှားများစွာနဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့စိတ်ရင်းတွေနဲ့ မြန်မာ့တန်ဖိုးတွေထိခိုက်ပျောက်ဆုံးနေခဲ့ရပါတယ်။ ယနေ့မြေပြင်မှာ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတကာအချင်းချင်းအပြန်အလှန်ဆက်ဆံမှုတွေ၊ အဖွဲ့အစည်းများနှင့်  အပြန်အလှန်ဆက်ဆံမှုတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာ အပြန်အလှန်ထိတွေ့လုပ်ကိုင်ကြရင်း နိုင်ငံတကာနဲ့ဆက်ဆံရေးအခွင့်အလမ်းကောင်းတွေ ဆက်လက်တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။ ထို့အတူ နိုင်ငံတကာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်း ဆက်သွယ်ရေး အခန်းကဏ္ဍတွေမှသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍတွေအထိစာနာနားလည်ယုံကြည်မှုတွေနဲ့ ရှေ့ဆက်နိုင်မယ့် အခွင့်အလမ်းများစွာကိုလည်းဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒီလို  အခက်အခဲတွေကြားကနေအမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးမှာ တည်ငြိမ်အေးချမ်းမှုရှိရန်လိုပြီး တည်ငြိမ်အေးချမ်းမှသာလျှင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနဲ့ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုဖော်ဆောင်နိုင်မှာဖြစ်တာကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ကြီးစွာထုတ်ပြန်ခဲ့ပါတယ်။  သဘာဝဘေးအန္တရာယ်ကြောင့် အစိုးရနဲ့ ပြည်သူတွေအားလုံး အတူလက်တွဲ ရုန်းကန်ထူထောင်ကြရမယ့်  ရေရှည်လုပ်ငန်းစဉ်တွေမှာ မည်သည့်အဖျက်အမှောင့်လုပ်ရပ်မျိုးကိုမှ  ပြည်သူတွေ မလိုလားကြပါဘူး။  ဒီမြေမှာနေ  ဒီရေသောက်နေတဲ့     မြန်မာနိုင်ငံသားတစ်ယောက်လို့     ခံယူတဲ့လူတိုင်းအတူတကွပြန်လည်ရုန်းထကျော်ဖြတ်ကြမယ်ဆိုတဲ့ စိတ်ထားမျိုးတွေနဲ့အတူသဘာဝဘေးအန္တရာယ်ဆိုးကြီးဒဏ်မှ ပြန်လည်ထူထောင်နိုင်ဖို့ ကျွန်တော်တို့အားလုံးတစ်စိတ်တစ်ဝမ်းတည်း တက်ညီလက်ညီ လှော်ခတ်သွားကြရမှာဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ်တွေကိုနည်းများမဆို ကြုံတွေ့ရင်ဆိုင်ကြမှာဖြစ်သကဲ့သို့ ၎င်းဘေးအန္တရာယ်အခက်အခဲတွေမှ ပြန်လည်ဦးမော့လာစေရေးဟာလည်းနိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့အစိုးရရဲ့ ထက်မြက်တဲ့ဦးဆောင်မှု၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တစ်စိတ်တစ်ဝမ်းတည်း လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ယနေ့ မန္တလေးငလျင်ကြီးနှင့်ပတ်သက်သော ရေရှည်တည်တံ့တဲ့ ပြန်လည်ထူထောင်ရေး(Sustainable And longterm recovery after earthquake)လုပ်ငန်းစဉ်များကိုအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနဲ့  နိုင်ငံတကာမိတ်ဆွေတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်သွားကြရမှာဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးဟာ မြန်မာနိုင်ငံရဲ့မြေထုလွှာကို လှုပ်ခတ်ကွဲအက် ပိုင်းခြားလိုက်သကဲ့သို့ မြန်မာလူမျိုးတို့ရဲ့ အမျိုးသားရေးစရိုက်လက္ခဏာတွေနဲ့ ကိုယ်ခံစွမ်းအားတွေကို ရုန်းကြွမြင့်တက်လာစေမှုနဲ့အတူ ယနေ့ငလျင်ဘေးဒဏ်ကြီး ပြန်လည်ထူထောင်ရေးမှသည်   အေးချမ်းသာယာဝပြောသော အနာဂတ်ဆီသို့ တစ်မျိုးသားလုံးရဲ့စုပေါင်းအားမာန်တွေနဲ့အတူ   လက်တွဲညီညီလျှောက်လှမ်းကြပါစို့လို့   ဆန္ဒပြုရင်း...။     ။