အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဝန်ကြီးဌာနများမှ ယာယီရုံးခန်းများကို Modular House များဖြင့် တည်ဆောက်ထားရှိမှု၊  ယာယီဝန်ထမ်းအိမ်ရ

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဝန်ကြီးဌာနများမှ ယာယီရုံးခန်းများကို Modular House များဖြင့် တည်ဆောက်ထားရှိမှု၊  ယာယီဝန်ထမ်းအိမ်ရာများဆောက်လုပ်ပြီးစီးမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်   မေ   ၄

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်   ပြည်ထောင်စုဝန်ကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနများမှ ယာယီရုံးခန်းများကို Modular House များဖြင့်  တည်ဆောက်ထားရှိမှု၊ ယာယီဝန်ထမ်းအိမ်ရာများ  ဆောက်လုပ်နေမှုနှင့်  ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ ဆောက်လုပ်ပြီးစီးသည့်  ယာယီဝန်ထမ်း အိမ်ရာများတွင်  ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိသည့်  အခြေအနေတို့ကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့  ရောက်ရှိကြပြီးပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အဆိုပါရုံးအတွင်း Modular House များဖြင့်ယာယီရုံးခန်းများဖွင့်လှစ်၍ ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲဆိုင်ရာ ဆက်စပ်သည့်ရုံးလုပ်ငန်းများ  ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် Server Room များကိုလိုက်လံရှင်းလင်းပြသရာ   ဒုတိယဝန်ကြီးချုပ်က Server များ၊ ကွန်ပျူတာများအနေဖြင့် ယာယီအဆောက်အဦအတွင်း  စနစ်တကျထားရှိဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းလိုက်ပါလျက် ယာယီရုံးခန်းများ တည်ဆောက်နေမှုနှင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီတည်းခိုနေထိုင်ရန်  ဘာရှာများတည်ဆောက်ရန် မြေနေရာများရွေးချယ်သတ်မှတ်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး မေလမကုန်မီ ယာယီရုံးခန်းများဖွင့်လှစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာန ယာယီဝန်ထမ်းအိမ်ရာသို့  ရောက်ရှိကြပြီး အလုပ်သမားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက  ယာယီအိမ်ရာများအကွက်ချပုံစံ၊  ယာယီရုံးအဆောက်အဦဆောက်လုပ်ရန် မြေနေရာရွေးချယ်သတ်မှတ်ထားမှု၊ယာယီဝန်ထမ်းအိမ်ရာအတွင်းသောက်သုံးရေ၊ မီး၊ မိလ္လာစနစ်များဆောင်ရွက်ထားရှိမှုများကို  ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် ဆောက်လုပ်ပြီးစီးသည့်  အိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

အဆိုပါနေရာတွင် ယာယီဝန်ထမ်းအိမ်ရာ ၇၅ လုံး  တည်ဆောက်သွားမည်ဖြစ်ပြီး ( ၄၀ ပေ  x ၂၂ ပေ )  ၂ ခန်းတွဲ ၁၀ လုံးနှင့် (၂၀ ပေ x ၂၂ ပေ) ၂ ခန်းတွဲ ၇ လုံးတည်ဆောက် ပြီးစီးပြီဖြစ်ကြောင်းနှင့်  ကျန်ရှိသည့်အိမ်ရာများကိုလည်း အမြန်ဆုံးဆက်လက်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်  တာဝန်ရှိသူများက  ရုံးအနီးရှိ မြေ ၂၂ ဧကအတွင်း ယာယီဝန်ထမ်းအိမ်ရာတည်ဆောက်ထားရှိမှု၊  Modular  House ဆောက်လုပ်ရန်မြေနေရာရွေးချယ်သတ်မှတ်ထားမှုများကို  ရှင်းလင်းတင်ပြပြီး  ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့များသည် ဆောက်လုပ်ပြီးစီးသည့်ယာယီဝန်ထမ်းအိမ်ရာများတွင် ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိသည့်အခြေအနေ၊  ဝန်ထမ်းအိမ်ရာများ ထပ်မံတည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းမိသားစုများကို အားပေးစကားပြောကြား၍  လိုအပ်သည်များကို  တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ  ယာယီဝန်ထမ်းအိမ်ရာတွင် ၄၅ ပေ x ၂၄ ပေ (၁၀) ခန်းတွဲ ဘားတိုက် ၂ လုံး၊ ၃၆ ပေ x ၁၅ ပေ (၃) ခန်းတွဲ ၁၇ လုံးနှင့် ၂၄ ပေ x ၁၅ ပေ (၂)ခန်းတွဲ ၁ လုံးတည်ဆောက်ပြီးစီးပြီဖြစ်၍ ဝန်ထမ်းအိမ်ထောင်စုအချို့နေထိုင်လျက်ရှိပြီး တည်ဆောက်ဆဲ ယာယီအိမ်ခန်းများပြီးစီးသည်နှင့်အမျှ ဝန်ထမ်းမိသားစုများ ဆက်လက်နေရာချထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    ရုံးအနီးရှိယာယီဝန်ထမ်းအိမ်ရာသို့   ရောက်ရှိကြရာပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးသည့်ယာယီဝန်ထမ်းအိမ်ရာများနှင့်ဆောက်လုပ်ဆဲ ယာယီဝန်ထမ်းအိမ်များ   ဆောက်လုပ်နေမှု၊ ယာယီဘာရှာများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နေရာချထားပေးမှုများကိုရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည်  ဆောက်လုပ်ပြီးစီးသည့်ယာယီဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယာယီရုံးများဖွင့်လှစ်ထားရှိပြီး ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊  ရုံးပင်မအဆောက်အဦနှင့်  တိုးချဲ့အဆောက်အဦများ ပျက်စီးခဲ့မှုအခြေအနေ များကိုရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျွမ်းကျင်ပညာရှင်များ စစ်ဆေးပြီးသည့်  ရုံးအဆောက်အဦများပြန်လည်ပြုပြင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည်   အနီရောင်အဆင့် သတ်မှတ်ထားသည့်   ကံ့ကော်အိမ်ရာတိုက်အမှတ်(၉)၌  နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊  ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှ   ကျွမ်းကျင်ပညာရှင်များက အဆောက်အဦကြံ့ခိုင်ရေးတိုင်းတာသည့် စက်ကိရိယာ ၅ မျိုးဖြင့်အဆောက်အဦကြံ့ခိုင်မှုအားစစ်ဆေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက  စစ်ဆေးရာတွင်တွေ့ရှိရသည့်  စစ်ဆေးတွေ့ရှိချက်များ၊  ပြန်လည်ပြုပြင်တည်ဆောက်ရမည့် အကြံပြုချက်များကို  ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ဝန်ထမ်းများကိုအားပေးစကားပြောကြားသည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သပြေ(၂) အဆောင် (၅) အပျိုဆောင်နှင့် သပြေ(၄)  အဆောင်(၈) လူပျိုဆောင်တို့တွင်  ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ခဲ့သည့်   နံရံများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက  Sikalatex  ဆေးရည်၊ ကျုံ့ခြင်းမရှိသော   ဘိလပ်မြေအခြေခံဘက်စုံသုံး ဆေးမှုန့်(SikaGrout)နှင့်   ဘိလပ်မြေများ ရောစပ်၍   ကွဲအက်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊  အနီရောင်အဆင့် သတ်မှတ်ထားသည့် သဇင်(၅) အဆောင် (၁၈)လူပျိုဆောင်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အဆောင်များပတ်ဝန်းကျင်တွင် သန့်ရှင်းရေးများဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို  လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ရောက်ရှိကြပြီး   ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရားရင်ပြင်တော်အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်   ရင်ပြင်တော်ရှိ   နေပူခံကျောက်ပြားများ   စနစ်တကျဖယ်ရှားရှင်းလင်းထားရှိမှု၊  လိုဏ်တော်အတွင်းထိခိုက်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်ရန် စီမံဆောင်ရွက်ထားရှိမှုများကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန်မှာကြားကာ လိုဏ်အတွင်းရှိ  ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူ ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။