မလေးရှား၌ မူလနိုဗယ်ကိုရိုနာဗိုင်းရပ်ထက် ကူးစက်မှု ၁၀ ဆပိုမိုပြင်းထန်သည့် သန္ဓေပြောင်းဗိုင်းရပ်ကို တွေ့ရှိ

ဝူဟန်မြို့မှစတင်တွေ့ရှိသော  မူလနိုဗယ်ကိုရိုနာဗိုင်းရပ်ထက် ကူးစက်မှု ၁၀ ဆပိုမိုပြင်းထန်သည့် သန္ဓေပြောင်းဗိုင်းရပ်ကို မလေးရှားနိုင်ငံ၌ တွေ့ရှိထားကြောင်း ကျန်းမာရေး တာဝန်ရှိသူများက သြဂုတ် ၁၆ ရက်တွင် ပြောသည်။

မလေးရှားဆေးသုတေသနဌာနက နိုင်ငံအတွင်းရှိ ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားရာ နှစ်နေရာမှ ကူးစက်ခံရသူလေးဦးတွင်  အဆိုပါ သန္ဓေပြောင်းဗိုင်းရပ်ကို  တွေ့ရှိခြင်းဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီး နူအောဟီရှမ်အဗ္ဗဒူလာကပြောသည်။

ထိုသို့သန္ဓေပြောင်းဗိုင်းရပ်ကို တွေ့ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်၍ ပိုမိုဂရုစိုက်ရန် လိုအပ်ကာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်းနှင့် နှာခေါင်းစည်းများတပ်ခြင်း အပါအဝင် ဗိုင်းရပ်ကူးစက်မှုကာကွယ်ရေး လုပ်ငန်းများကို ပိုမိုတိကျစွာ လိုက်နာလုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသန္ဓေပြောင်းဗိုင်းရပ်ကို ဇူလိုင်လတွင်တွေ့ရှိခြင်း ဖြစ်ကြောင်းနှင့် လက်ရှိစမ်းသပ်ဆဲဖြစ်သော  ဗိုင်းရပ်ကာကွယ်ဆေး များကို မအောင်မမြင် ဖြစ်စေနိုင်ကြောင်း၊ သို့သော် အစိုးရအနေဖြင့် အဆိုပါ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဆိုသည်။

အဆိုပါ သန္ဓေပြောင်းဗိုင်းရပ်ကို  ပဏာမစမ်းသပ်စစ်ဆေးမှုများတွင် တွေ့ရှိရခြင်း ဖြစ်သောကြောင့် နောက်ထပ်စမ်းသပ် စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မလေးရှားနိုင်ငံ၌ သြဂုတ် ၁၆ ရက်အထိ ဗိုင်းရပ်ကူးစက်ခံရသူ ၉၂၀၀ နှင့် သေဆုံးသူ ၁၂၅ ဦးရှိကြောင်း သိရသည်။

Ref: The Star