ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် အများပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန် အမြဲသန့်ရှင်း သာယာလှပပြီး စိမ်းလန်း စိုပြည်နေရန်လို

 

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် အများပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန် အမြဲသန့်ရှင်း သာယာလှပပြီး စိမ်းလန်း စိုပြည်နေရန်လို

 

ရန်ကုန်   မေ   ၁၁

    တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ညနေပိုင်းတွင်   တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရုံးအဆောက်အအုံနှင့် ရုံးမြေဧရိယာအတွင်း ကားပါကင်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။

ယနေ့နံနက်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အတူ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာအတွင်းရှိ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်ခန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုဘဏ္ဍာ ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် သောင်တူးခြင်းလုပ်ငန်း  ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဝန်ထမ်းအိမ်ရာများ၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုရှိစေရေး၊ ဝန်ထမ်းအိမ်ရာရှိ  သန့်စင်ခန်းများပြုပြင်ပေးနိုင်ရေး လုပ်ငန်းများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်  ပြုပြင်ဆောင်ရွက်မည့် အပျိုဆောင် အဆောက်အအုံကို ကြည့်ရှု စစ်ဆေးပြီး အင်ဂျင်နီယာအဖွဲ့ဖွဲ့စည်း၍ အဆောက်အအုံကြံ့ခိုင်မှုရှိစေရေး အထူး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် နန်းမြင့်မျှော်စင်အား ကြည့်ရှုစစ်ဆေးကာ ပြုပြင်သင့်သည်များအား အင်ဂျင်နီယာတွက်ချက်မှုဖြင့် ဆင့်ကဲတင်ပြခွင့်ပြုချက်ရယူပြီး ပြုပြင် ဆောင်ရွက်သွားရန်နှင့်  လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာသည် တိုင်းရင်းသားများ၏ အဓိကပြယုဂ်တစ်ခုပင်ဖြစ်ပြီး အများပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန် အတွက် အမြဲသန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်နေရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပါ လုပ်ငန်းစီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားလုံး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားရန် ပြောကြားသည်။

ယင်းနောက် တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။