ငလျင်ဘေးဒဏ်သင့် ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ နောက်ဆုံးနေ့အဖြစ် သဘင်အစည်းအရုံးမှ ဖျော်ဖြေတင်ဆက်
ရန်ကုန် မေ ၁၂
မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေ ပဒေသာကပွဲ နောက်ဆုံးနေ့အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အမျိုးသားဇာတ်ရုံကြီးတွင် ယနေ့သဘင်အစည်းအရုံးက ဖျော်ဖြေတင်ဆက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်ပြည်သူများအားပါးတရ ကြည့်ရှုအားပေးကြသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ ယနေ့ညဖျော်ဖြေ တင်ဆက်မှုတွင် ဦးစွာငလျင် လှုပ်ခတ်မှုဖြစ်စဉ်၊ ကူညီကယ်ဆယ်မှု၊ ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး မှတ်တမ်းဗီဒီယိုကိုပြသပြီး ထိုဖြစ်စဉ်တွင် ထိခိုက်သေဆုံးခဲ့သူများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဆုတောင်းမေတ္တာ ပို့သကြသည်။
ထို့နောက် ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသော အလှူငွေများအား မြန်မာနိုင်ငံသဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်က လက်ခံရယူသည်။
ဖျော်ဖြေရေးအစီအစဉ်တွင် သဘင်အစည်းအရုံး ဝိုင်းတော်သားများ ပူးပေါင်း တင်ဆက်မှုနှင့်အတူ ပဏာမဧည့်ခံ ဂီတသံဖြင့်စတင်ပြီး ဘုရားကန်တော့ခန်း၊ အပျိုတော်ယိမ်း၊ ပဏာမတေး၊ တေးသံသာ၊ အာဇာနည် စန်းစန်းဆပ်ကပ်၊ အော်ပရာနှင့် မြို့ရွှေမန်းသားဖိုးချစ်နှင့် သဘင်အနုပညာရှင်တို့၏ နှစ်ပါးသွားအကတို့ဖြင့် အားပါးတရ ဖျော်ဖြေတင်ဆက်ခဲ့ရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ အထူးနှစ်ခြိုက်စွာ အားပေးခဲ့ကြသည်။