မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ဆွေးနွေး
နေပြည်တော် မေ ၁၆
နေပြည်တော်ကောင်စီနယ်မြေ အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော်ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊နေပြည်တော်ကောင်စီနှင့် စည်ပင် သာယာရေး ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံ ၊ လမ်း၊ တံတားများအတွက် အမျိုးအစားနှင့် ပျက်စီးမှု ပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)” များကို ဖြန့်ဝေပေးထားပြီးဖြစ်၍ ပြန်လည်ပြုပြင်ရန်နှင့် အသစ်တည်ဆောက်ရာတွင်လိုက်နာရမည်ဖြစ်ကြောင်း၊ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအစား အသစ် တည်ဆောက်နိုင်ရန် Town Plan ရေးဆွဲရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်အေးက မြို့ပြမြေအသုံးချမှု ရာခိုင်နှုန်း စံသတ်မှတ်ချက်များ၊ Town Plan ရေးဆွဲရာတွင် လိုက်နာရမည့်အခြေခံ အချက်အလက် များကို လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်က အိမ်ရာစီမံကိန်းအသစ် တည်ဆောက်ရန် မြေနေရာ ရွေးချယ်ထားရှိမှုကို လည်းကောင်း၊ အစည်းအဝေး တက်ရောက် လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုအစည်းအဝေးမှ ရရှိလာသည့်ဆွေးနွေးချက်များကို အခြေခံပြီး Town Plan အတွက် မြေနေရာရွေးချယ်ခြင်းနှင့် Soil Test ဆောင်ရွက်ခြင်းတို့ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့် အညီ ဆောင်ရွက်ရန်၊ မြေစမ်းသပ်မှုများ စနစ်တကျ သေချာတိုင်းတာ တွက်ချက်ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရေးအတွက် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်၌ Modular House များ နေရာချထားတပ်ဆင်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက မြေနေရာရှင်းလင်းထားရှိမှု၊ Modular House များ သတ်မှတ်လျာထားချက်နှင့်အညီ နေရာချထား တပ်ဆင်နေမှုတို့ကို ရှင်းလင်း တင်ပြကြသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် အလျား ပေ ၂၀၊ အနံ ၁၀ ပေရှိ Modular House များကို Phase 1 တွင် လျာထား ၆၄ လုံးနှင့် Phase 2 တွင် လျာထား ၁၂၄ လုံး စုစုပေါင်း ၁၈၈ လုံး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။