ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးစောင့် ရှောက်မှုကိစ္စရပ်များဆွေးနွေး
နေပြည်တော် မေ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ဌာနေကိုယ်စားလှယ် မစ္စတာအားနော့ဒီဘေ့ခ်နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးတွင် ICRC မှ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေးကာလတွင် ရန်ကုန်မြို့ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံနှင့် ICRC တို့အကြား ပူးပေါင်း ဆောင်ရွက်မည့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ICRC မှကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ဘေးခံစားခဲ့ရသောပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာများအတွက် အထွေထွေအသုံးပြုရန် ဦးကျော်ခင်နှင့်မိတ်ဆွေများက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် လှူဒါန်းသောငွေကျပ်သိန်း ၉၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှလှူဒါန်းသော ငွေကျပ် ၇၅၈၈၃၅၅၀ တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။